ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒအတိုင်းဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အနည်းစု၏ဆန္ဒကို လည်းအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အများ၏ဆန္ဒဆိုတိုင်း လူနည်းစု၏ ဆန္ဒကိုပစ်ပယ်၍ ပြုမှုလုပ်ဆောင်ခဲ့မှုများကြောင့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး စည်းလုံး ညီညွတ်မှုများပျက်ပြားခဲ့သည်ကို သမိုင်းဖြစ်ရပ်များက ဖော်ပြနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်ကို မှန်ကန်စွာ သိရှိနားလည်ပြီး ဆောင်ရွက်ကြရန်လိုကြောင်း။ အလားတူဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာအဆင့်အလိုက်၊ ဒေသအလိုက်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအပါအဝင် စီမံခန့်ခွဲမှုများ အားလုံးကိုမျှတစွာဖြင့် အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအားလုံး တစ်ပြေးညီခံစားခွင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဥပဒေများရေးဆွဲပြီး ဆောင်ရွက်နိုင်ရန် မူအားဖြင့်သဘောတူပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိက ပင်မဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေတည်၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
