နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၆-၁၁-၂၀၂၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေး
ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet နှင့်အဖွဲ့ဝင်များအား Green Lake ဟိုတယ်၌လည်းကောင်း၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နှင့် အဖွဲ့ဝင်များအား HUALUXE Kunming ဟိုတယ်၌လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် လက်ရှိပကတိအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် လိုအပ်သည့် အခြေအနေများနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှလည်း အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံတို့မှ ဝန်ကြီးချုပ်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန