နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၄)ကို ၂၉-၃-၂၀၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့်ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း ယေဘုယျအားဖြင့် GDP အရ တိုးတက်မှုရှိခဲ့သည်ကိုတွေ့ရကြောင်း၊ ခြုံငုံသုံးသပ်ကြည့်ပါက နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်ခန့်မှစ၍ နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် ယခင်အနုတ်ပြခဲ့သည့် စီးပွားရေးမှအပေါင်းလက္ခဏာသို့ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော် မျှော်မှန်းသလောက် တိုးတက်မှုရှိရန် လိုအပ်သေးသည်ကိုတွေ့ရကြောင်း၊ အဓိကအားဖြင့် နိုင်ငံ၏စီးပွားရေးတိုးတက်ရန်မှာ ကုန်သွယ်မှုလုပ်ငန်းမှရငွေနှင့် ကုန်သွယ်မှုမဟုတ်သော လုပ်ငန်းများမှရငွေဟူ၍ အပိုင်းနှစ်ပိုင်းရှိမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများမှရငွေ၌ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် သယံဇာတထုတ်ကုန်များ ထုတ်လုပ်ခြင်းဟူ၍ရှိမည်ဖြစ်ရာ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရေးသည် အရေးကြီးကြောင်း။
ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး တွန်းအားပေးကြပ်မတ်
ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုပြုလုပ်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက်တွင် ပြည်တွင်းထုတ်ကုန်များနှင့် သယံဇာတပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ စာရင်းဇယားများအရ တပ်မတော်အစိုးရလက်ထက် (၂၀၀၇ – ၂၀၀၈ ခုနှစ်) နှင့် ပါတီစုံဒီမိုကရေစီ အစိုးရလက်ထက်(၂၀၀၉-၂၀၁၀ ပြည့်နှစ်)များတွင် ပြည်ပကုန်သွယ်မှုများမြင့်တက်ခဲ့သည်ကိုတွေ့ရကြောင်း၊ မိမိတို့အစိုးရသက်တမ်းတွင် နိုင်ငံ၏ကုန်ထုတ်လုပ်မှု၌ အခြေခံအကျဆုံးနှင့် နိုင်ငံသူနိုင်ငံသားအများစုနှင့် ပတ်သက်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး အဓိကထားဆောင်ရွက်ခဲ့ကြောင်း၊ မိမိအနေဖြင့် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံပင်များ စိုက်ပျိုးမှုကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး တွန်းအားပေးကြပ်မတ်ခဲ့ကြောင်း။
နိုင်ငံရေးအရ မိမိတို့နိုင်ငံအပေါ် အနောက်နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာ ပြုလုပ်ခဲ့သကဲ့သို့ မြေအောက် ထွက်ကုန်ဖြစ်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့နိုင်ခဲ့သော်လည်း ရရှိသည့် ငွေကြေးများ သုံးစွဲ၍မရအောင် ပြုလုပ်ခဲ့ကြကြောင်း၊ ယင်းအခက်အခဲများကြားမှ နိုင်ငံစီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်ပကြွေးမြီများကိုလည်း ၃ နှစ်တာကာလအတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း၊ ပြန်ဆပ်ငွေအများစုမှာလည်း ယခင်အစိုးရ အဆက်ဆက်ချေးယူခဲ့သည့် အရင်းငွေများဖြစ်ကြောင်း။
အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်
စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် စိုက်ဧကတိုးချဲ့ စိုက်ပျိုးခြင်း၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအား တိုးချဲ့၍ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းဟု အပိုင်း(၃)ခုရှိရာ မိမိတို့အစိုးရအနေဖြင့် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် သီးထပ်စွမ်းအားတိုးချဲ့၍ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်းတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့်ပင် နိုင်ငံ့စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်ကြောင်းကို အချို့သောခိုင်မာသည့်အချက်အလက်များဖြင့် ဥပမာပေးပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧကမှာ ၁၄ သန်းကျော်ရှိကြောင်း၊ မိုးစပါး တစ်ဧကအတွက် ပန်းတိုင်ရည်မှန်း ချက်အထွက်နှုန်းမှာ တင်း ၁၀၀ ဖြစ်ကြောင်း၊ သို့သော် ၂၀၂၃-၂၀၂၄ ခုနှစ် အထွက်နှုန်းမှာ ပျမ်းမျှ ၇၈ တင်းကျော်ဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက် ထက် ၂၂ တင်းခန့်လျော့နည်းကြောင်း၊ ထို့ကြောင့် စပါးတင်းသန်း ၃၀၀ ကျော်ခန့် လျော့နည်းထွက်ရှိခဲ့ သည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ တန်ဖိုးသင့် တွက်ချက်ကြည့်ပါက ငွေကျပ် ဘီလီယံ ၇၀၀၀ ခန့် လျော့နည်းခဲ့သည်ကိုတွေ့နိုင်ကြောင်း၊ ၎င်းသည် ဥပမာတစ်ခုသာဖြစ်ကြောင်း၊ အလားတူ အခြားအဓိကစိုက်ပျိုး ထုတ်ကုန်များဖြစ်သည့် ပြောင်း၊ ပဲမျိုးစုံနှင့် အခြားသီးနှံများလည်း ပန်းတိုင်အထွက်နှုန်းအတိုင်းထွက်ရှိအောင် လုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေး မြင့်မားစွာတိုးတက်လာနိုင်ကြောင်း၊ ၎င်းအပေါ်တွင်ထပ်မံ၍ သီးထပ်စွမ်းအားတိုးချဲ့ လုပ်ကိုင်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများစွာ မြင့်မားလာမည်ကို သတိပြုမိကြစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးနိုင်သည့် မြေများစွာရှိသည့်အပြင် သီးထပ်စိုက်ပျိုးနိုင်သည့် မြေနှင့်ရာသီဥတုရှိသောနိုင်ငံဖြစ်ကြောင်း၊ ၎င်းအချက်နှစ်ချက်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံအာမခံချက်ရှိစေရေး (Food Security)ကဏ္ဍတွင် ထိုက်ထိုက်တန်တန်နေရာရရှိမည့် စိုက်ပျိုးထုတ်လုပ်ရေးစွမ်းအားရှိသည့်နိုင်ငံ (Agriculture Power Country) အဖြစ် ရပ်တည်နိုင်မည်ဖြစ်သဖြင့် ကောင်စီဝင်များအားလုံးက အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။
တန်ဖိုးမြင့် ကုန်ပစ္စည်းအထိ ထုတ်လုပ်ဆောင်ရွက်နိုင်ရန်လို
မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြသည်ကို တွေ့ရကြောင်း၊ အဆိုပါ ကျေးလက်နေပြည်သူများတွင် လယ်ယာ၊ သားငါးနှင့် သစ်တောကဏ္ဍကို ဆောင်ရွက်သူများမှာ ၄၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် သေချာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်ကြောင်း၊ အလားတူ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ဆောင်ရွက်နေကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ(Agro Based Industry)ကို တန်ဖိုးမြင့် ကုန်ပစ္စည်းအထိ ထုတ်လုပ်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် ရေခံမြေခံကောင်းများနှင့် လူသားအရင်းအမြစ်များကို အသုံးချ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ Quick Win ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာခြင်းဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း။
စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ခွင့်ပြုဆောင်ရွက်ရန်လို
မြေပေါ်မြေအောက်သယံဇာတများ ထုတ်ယူရောင်းချခြင်း၊ သစ်တောပစ္စည်းများ ထုတ်ယူရောင်းချရာတွင်လည်း အလွန်အကျွံထုတ်ယူခြင်းထက် စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ခွင့်ပြုဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စက္ကူထုတ်လုပ်နိုင်သည့် သစ်နှင့်ဝါးများစွာရှိသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်သကဲ့သို့ ပြန်လည်ဖြည့်တင်း စိုက်ပျိုးထိန်းသိမ်းရန်လည်းလိုကြောင်း၊ အလားတူ စပါးစိုက်ပျိုးရာမှ ထွက်ရှိလာသည့် ကောက်ရိုးများကိုလည်း ပျော့ဖတ်နှင့် တိရစ္ဆာန်အစာများအဖြစ် အကျိုးရှိစွာ အသုံးချမည်ဆိုပါက နိုင်ငံအတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကောင်စီဝင်များအနေဖြင့် မိမိတို့ သက်ဆိုင်ရာဒေသများအလိုက် တောင်သူများကို အလုပ်လုပ်နိုင်ရေးအားပေးခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အထောက်အကူပြုစေသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက်လည်း ဒေသအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ အချို့ဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသေးကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းများ အခြေခံမှန်ကန်ခိုင်မာစေရေး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရာတွင် လက်နက်ကိုင်အကြမ်း ဖက်သည့်နည်းလမ်းဖြင့် ဆောင်ရွက်၍မရကြောင်းဖြင့် ပြောကြားသည်။
ရှင်းလင်းဆွေးနွေးတင်ပြ
ထို့နောက် ကောင်စီဝင်များက စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်များ၊ ကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရေး စီစဉ်ဆောင်ရွက်ပေးသင့်သည်အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ ပါဝင်ပူးပေါင်းဆောင်ရွက်မှုရှိသည့် နေရာများတွင် အမြန်ဆုံးတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာ၌ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကကျသဖြင့် တည်ငြိမ်အေးချမ်းမှုလိုအပ်လျက်ရှိသည့်ဒေသများမှ ပြည်သူလူထုအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေးနှင့် လူငယ်များအတွက် ကောင်းမွန်သည့် စိတ်ဓာတ်များမွေးမြူရရှိနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း တိုက်တွန်းကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဆောင်ရွက်ပေးသင့်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန