You are currently viewing နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြား (၂၀-၁-၂၀၂၄)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြား (၂၀-၁-၂၀၂၄)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀-၁-၂၀၂၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်လေဆိပ်သို့ ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်သမိုင်းအကျဉ်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်မျာနှင့်အညီ လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လျာထားဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပုသိမ်လေယာဉ်ကွင်းကို ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ရန် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် နာမည်ကျော်ကမ်းခြေများအပါအဝင် သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့် အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ လေဆိပ်အဆင့်မြှင့်တင်ခြင်းအပြင် တိုင်းဒေသကြီးအတွင်းရှိ ကားလမ်းများကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်သွားကြရန်လိုပြီး လုပ်ငန်းအဆင့်အလိုက် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧရာရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဒေါက်တာညွန့်ဖေ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား အသီးသီးတင်ပြ

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများ၊ ဆားထုတ်လုပ်မှုနှင့် ဒေသထွက်ဆားများ ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဆောင်ရွက်လျက်ရှိမှုနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးမှုများ ပြုလုပ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာ ရရှိရေး၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ပညာရေး၊ ကျန်းမာရေး အဆင့်မြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် အထွေထွေတင်ပြချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ပုသိမ် - ချောင်းသာနှင့် ပုသိမ် - ငွေဆောင်တို့အား ဆက်သွယ်ထားရှိသည့် လမ်းကြောင်းများပေါ်ရှိ ဘေလီတံတားနှစ်စင်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုလျင်မြန်ချောမွေ့စေရေးအတွက် ပုသိမ်မြို့အဝင်၌ အဆင့်မြင့်ကုန်စည်ကားဝင်းတစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ရန်ကုန် - ပုသိမ်ကားလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဒေါက်တာညွန့်ဖေတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ပြချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပြန်လည်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအလိုက် စီမံဆောင်ရွက်ပေးရန်နှင့် ဖြည့်ဆည်းပံ့ပိုးပေးရန် လိုအပ်သည်များကို တတ်နိုင်သရွေ့ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်နေ ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့်သွင်းအားစုများ၊ နည်းပညာ၊ စက်ကိရိယာနှင့် အရင်းအနှီးများ ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် ထွက်ရှိလာသည့်  စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သစ်၊ ဝါး၊ ကြိမ် စသည်တို့အပါအဝင် သစ်တောသယံဇာတများမှ ရရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တစ်နိုင်ငံလုံး၏ ဆားလိုအပ်ချက်ကို အဓိကဖြည့်ဆည်းပေးနေသည့် ဒေသတစ်ခုဖြစ်ပြီး ခေတ်မီနည်းစနစ်များကို အသုံးပြု၍ အဆင့်မီစွာထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်မှု၊ ပုသိမ် - ချောင်းသာ၊ ပုသိမ်-ငွေဆောင်လမ်းကြောင်းပေါ်ရှိ ဘေလီတံတားအား အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ရန်ကုန် - ပုသိမ်လမ်းကြောင်းအား အဆင့်မြှင့်တင်ပေးစေလိုမှုတို့အပေါ် ရေရှည်စီမံချက်များချမှတ်၍ နှစ်အလိုက်ခွင့်ပြုဘတ်ဂျက်များဖြင့် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်မှု၊ တိုင်းဒေသကြီးအတွင်း ပညာရေးဝန်ထမ်းများလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး စီမံဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြား ကြသည်။

နိုင်ငံအတွက် အားကိုးအားထားရပြီး ရေခံမြေခံနှင့် အခြေခံကောင်းများ ပိုင်ဆိုင်ထားသည့် တိုင်းဒေသကြီးဖြစ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ရေခံမြေခံကောင်းနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိကြောင်း၊ ပညာရေးနှင့်ပတ်သက်၍လည်း ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းတက်ရောက်သူဦးရေအများဆုံး၊ ကျောင်းနေထိုင်မှုနှင့် အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အနာဂတ်အတွက် အခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် တိုင်းဒေသကြီးတွင် အမြဲတမ်းနေထိုင်လျက်ရှိသည့် မြို့မိမြို့ဖများအနေဖြင့် အတွေ့အကြုံရှိပြီး ဒေသအတွက် အကျိုးပြုနိုင်မည့် အစုအဖွဲ့များစုဖွဲ့၍ ဒေသ၏အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည်ဆိုပါက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်လေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း၊ ဒေသတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသတွင်းခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သဖြင့် လမ်းကြောင်းများပေါ်ရှိ မြို့ရွာများ စနစ်ကျနမှုရှိစေရေး၊ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရန်လိုပြီး မြို့ပြစီမံကိန်းများအနေဖြင့် စနစ်ကျနရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသနှင့် တိုင်းပြည်အကျိုးကို ကြည့်၍ အချိန်ကာလအတိုင်းအတာတစ်ခုအတွက်သာ အဆင်ပြေရန်မဟုတ်ဘဲ အနာဂတ်အတွက် အဆင်ပြေအောင် စီမံဆောင်ရွက်ကြစေလိုကြောင်း။

ယခင်က ပုသိမ်ဒေသအနေဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင် ရေကြောင်းကိုသာ အဓိကအသုံးပြု၍ ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင်လည်း ရေကြောင်းခရီးသွားလာရေး၊ ရေကြောင်းကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းရှိ ရထားပို့ဆောင်ရေးခရီးစဉ်များကိုလည်း အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ ပို့ဆောင်ရေးစနစ်များတွင် လေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ မော်တော်ယာဉ်ဖြင့်သယ်ယူပို့ဆောင်ခြင်းနှင့် မီးရထားဖြင့် သယ်ယူပို့ဆောင်ခြင်းဟူ၍ရှိပြီး မီးရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် စရိတ်စကသက်သာစွာဖြင့် ခရီးသည်အများအပြားကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်သကဲ့သို့ ကုန်စည်အမြောက်အမြားကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးကို စရိတ်ကုန်ကျမှုအနည်းဆုံးဖြင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်သောကြောင့် အားပေးဆောင်ရွက်သွားကြရန်လိုပြီး အကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း။

ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအထွက်နှုန်းထက် ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအား ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုပြီး စိုက်ဧကတိုးချဲ့ဆောင်ရွက်ခြင်းထက် အထွက်နှုန်းကောင်းမွန်စေရေးနှင့် သီးထပ်စိုက်ပျိုးခြင်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သမားရိုးကျစိုက်ပျိုးခြင်းနည်းလမ်းများကိုသာ  အသုံးပြုနေ၍မရဘဲ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်ကို အသုံးပြု၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာရရှိရန်၊ နည်းစနစ်တကျစိုက်ပျိုးရန်စသည့်အချက်များ လိုအပ်ပြီး မိမိတို့ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ လယ်ယာစိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံးဧကကွက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့ အထွက်နှုန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မြေများကို စနစ်တကျပြုပြင်၍ ကောက်ကွက်များပြည့်မီအောင် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ကောင်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များကို ဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် ဒေသခံများ၊ လုပ်ငန်းရှင်များမှ အမှန်တကယ် အလုပ်လုပ်ရန်နှင့် အောင်မြင်ရန်လိုကြောင်း။

အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အရင်းအမြစ်များကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံအတွက် အသား၊ ငါးလိုအပ်ချက် များစွာရှိပြီး လူအများစားသုံးနိုင်သော သင့်တော်သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်သည့် ငါးမျိုးများ၊ မွေးမြူရေးလုပ်ငန်းများအပြင် ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ကျွဲ၊ နွားစသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများ၊ ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်လုပ်ငန်းများအား အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် ဒေသတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြစေလိုပြီး ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ပါကြောင်း၊ ပြည်ပသွင်းကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းမရှိခဲ့ခြင်းကြောင့် ပြည်ပမှသွင်းကုန်များကို များစွာတင်သွင်းခဲ့ရပြီး ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက မိမိတို့အနေဖြင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကိုကြည့်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

ဧရာဝတီတိုင်းဒေသကြီး၌ သစ်၊ ဝါး၊ ကြိမ်ကို အခြေခံသည့် စက်မှုထုတ်ကုန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း သဘာဝမှရရှိသည့်ပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်း၌ အရိပ်ရလေကာပင်များ၊ သစ်ပင်သစ်တောများကိုလည်း စိုက်ပျိုးကြရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွှဲ၍မရဘဲ ဖြစ်လာသည့်အချိန်တွင် ရင်ဆိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားမည်ဆိုပါက ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ဒီရေတောများသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက်နှင့် ဒေသအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန်လိုကြောင်းနှင့် သစ်၊ ဝါး၊ ကြိမ်တို့ကို အောင်မြင်အောင် အားပေးဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံ့အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရာတွင် အမြင်ကျယ်ကျယ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

ကျန်းမာရေးနှင့်ပတ်သက်၍ တတ်နိုင်သရွေ့ မိမိကိုယ်ကို ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်ကြရန်လိုပြီး ဒေသတွင်း ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကို နိုင်ငံတော်မှ တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်ဦးချင်း ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းမှုရှိမှသာလျှင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ကျန်းမာရေးကောင်းမွန်အောင် ဂရုစိုက်နေထိုင်ခြင်းဖြင့် ကျန်းမာရေးအတွက် ကုန်ကျမည့်ငွေကြေးများကိုလည်း သက်သာစေနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံများအနေဖြင့် နိုင်ငံ့အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရာတွင် အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရန်လိုပြီး အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးတိုက်တွန်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများနှင့် တံတားများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်းနှင့် စက်မှုဇုန်များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန