၂၀၁၈ခုနှစ်၊ NCA လက်မှ‌တ်ရေးထိုးပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်း

ဒီကနေ့အခမ်းအနားကတော့  နိုင်ငံတော်အစိုးရနဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ်ရေးထိုးကြတဲ့ အခမ်းအနားဖြစ်ပါတယ်။

လက်မှတ်ရေးထိုးတဲ့အဖွဲ့အရေအတွက် မများလှဘူးဆိုပေမယ့် ဒီကနေ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ထမြောက်အောင်မြင်အောင် လျှောက်လှမ်းလာခဲ့တဲ့ခရီးက မလွယ်ကူလှပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့ အုတ်မြစ်ကို အတူတကွ လက်တွဲပြီး စိုက်ထူကြဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ ဒီလိုခြေလှမ်းတစ်လှမ်းကို ရဲရဲကြီး တက်လှမ်းလိုက်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်း အရုံးတို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုပါကြောင်း ကျွန်မအနေနဲ့ အလေးအနက်ထားပြီး ပြောလိုပါတယ်။

NCA ဟာ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ လမ်းဆုံးမဟုတ်ပါဘူး။ NCA ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့အစ၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့အစ၊ လက်နက်ကိုင်ပဋိပက္ခ လျှော့ချခြင်းတွေရဲ့အစ၊ တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းတိုင်ပင်အဖြေရှာမယ့် နိုင်ငံရေး ဖြစ်စဉ်ရဲ့အစပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ လွတ်လပ်ရေးနဲ့ ဖွားဖက်တော်ဖြစ်ခဲ့တာပါ။ ဒီကနေ့ဆိုရင် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ကျွန်မတို့နဲ့ မရှေးမနှောင်း လွတ်လပ်ရေးရရှိခဲ့တဲ့ နိုင်ငံတွေ၊ ကျွန်မတို့နိုင်ငံရဲ့နောက်မှ လွတ်လပ်တဲ့နိုင်ငံ ထူထောင်နိုင်ခဲ့တဲ့ နိုင်ငံတွေ ဒီကနေ့ဒီအချိန်မှာ ရှေ့ကိုအများကြီး ဆက်လျှောက်နေကြပါပြီ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့တိုင်းရင်းသားတွေ၊ ကျွန်မတို့ရဲ့ ပြည်သူတွေကတော့ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေအကြားမှာ မတည်မငြိမ် စိုးစိုးရွံ့ရွံ့နေကြတုန်းပါပဲ။ တိုက်ပွဲတွေကြောင့် ကြောက်လန့်တကြား အိုးပစ်အိပ်ပစ် ထွက်ပြေးကြရတယ်။ စာသင်ကျောင်းတွေမှာ စာအံသံတွေ တိတ်ဆိတ်နေပြီး လယ်ယာစိုက်ခင်းတွေမှာ ပေါင်းပင်မြက်ပင်တွေ ဖုံးလွှမ်းနေကြရတယ်။ အဓိကအကျဆုံးကတော့ ကျွန်မတို့ရဲ့ တိုင်းရင်း သားကလေးသူငယ်လေးတွေ အသက်အန္တရာယ် လွတ်ကင်းအောင် တိမ်းရှောင်နေကြရခြင်းပဲဖြစ်ပါတယ်။

သံသယတွေ၊ မုန်းတီးမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဆိုးကျိုးအနေနဲ့ ဒီဒေသတွေဟာ မဖွံ့ဖြိုးနိုင်၊ မတိုးတက်နိုင်၊ ယနေ့ထက်တိုင် နောက်ကျ ကျန်ရစ်နေရတုန်းပါပဲ။ ပြည်သူတွေဟာလည်း အကြောက်တရားနဲ့ နေ့စဉ်ရှင်သန်နေထိုင်ကြရပါတယ်။ ဒီကနေ့အထိ (၂၁) ရာစုခေတ်သစ်အထိ ကျွန်မတို့ တိုင်းရင်းသားကလေးသူငယ်တွေရဲ့ အနာဂတ်တွေ အမှောင်ဖုံးနေတုန်းပါပဲ။  ဒီအခြေအနေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငြိမ်းချမ်းအောင် ကျွန်မတို့ မလုပ်နိုင်ကြသေးပါဘူး။ ဝမ်းနည်းစရာ ကောင်းသလို ကြေကွဲစရာလည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့ အနာဂတ်တွေဟာ ဒီကနေ့အထိ စိတ်ချရတဲ့ အလင်းရောင် မသန်းနိုင်ကြသေးပါဘူး။

နိုင်ငံတကာမှာ ပြောကြတယ်။  စစ်ဒဏ်ကြုံပြီး  အရမ်းကိုတိုးတက်သွားကြတဲ့   နိုင်ငံတွေက ပြောကြတယ်  စစ်ဘေး   စစ်ဒဏ်သင့်ခဲ့ဘူးရင် ညီညီညွတ်ညွတ် ကြိုးကြိုးစားစား ရုန်းကန်ချင်တဲ့ စိတ်ဓာတ်မြင့်မားတယ်၊ ဒါကြောင့် တိုးတက်လာကြတာလို့ ဆိုကြပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် ဒီလိုမျိုးမဖြစ်နိုင်ခဲ့ပါဘူး။ ဒီကနေ့အထိလည်း မဖြစ်နိုင်သေးပါဘူး။

နှစ်ဖက်အဖွဲ့အစည်းတွေအကြား အပြန်အလှန် သဘောတူညီချက် (Bilateral Agreement) တွေ ရှိခဲ့တာမှန်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပြည်သူတွေ သိစေချင်တာက အဲဒီသဘောတူညီချက်တွေနဲ့ပတ်သက်လို့ တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားဖွယ်ရာတွေဖြစ်လာရင် ဘယ်လို ညှိနှိုင်းဖြေရှင်း မလဲဆိုတာတွေ၊ ညှိနှိုင်းဖြေရှင်းရေး ယန္တရားတွေမပါပါဘူး။ NCA ဆိုတာက လက်နက်ကိုင်ပဋိပက္ခတွေ လျော့နည်းသွားအောင်၊ အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ရင် တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး ဖြေရှင်းခဲတဲ့ အခြေအနေကနေ စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေးဖြေရှင်းနိုင်အောင် စတင်လိုက်တဲ့စတင်ခြင်းအသစ်လို့ ပြောချင်ပါတယ်။

တစ်ချိန်တည်းမှာပဲ NCA ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ကြမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖြစ်ပေါ်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် ရေးဆွဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကိုစတင်ဖို့ သဘောတူညီချက်တွေ ပါရှိပါတယ်။ ကျွန်မတို့ နိုင်ငံမှာ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေ ဖြစ်ပေါ်လာအောင် နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့ကြပေမယ့်လည်း ပေါ်ပေါက်လာခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရဲ့ ရေသောက်မြစ်ဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ခဲ့ကြလို့ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။ ပြီးခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖြစ်ထွန်းပေါ်ပေါက်လာအောင် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ပြီးတော့ NCA ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီလို ကြိုးပမ်းခဲ့တဲ့အတွက်လည်း နိုင်ငံနဲ့ ပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ကျွန်မအနေနဲ့ ထပ်လောင်း ပြောကြားလိုပါတယ်။ ဒီကနေ့ ကျွန်မတို့ အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ခဲ့ရုံသာမက ပြည်ထောင်စုသဘောတူညီချက်ရဲ့ အစိတ်အပိုင်းအဖြစ် နိုင်ငံရေးသဘောတူညီချက် (၃၇) ချက်ကို ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ၊ ဒုတိယအစည်းအဝေးမှာ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

သမိုင်းတစ်လျှောက်ပြန်ကြည့်ရင် ဒါဟာ ပထမဦးဆုံး စတင်နိုင်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သလို ဘယ်လိုဆွေးနွေးကြမယ်ဆိုတဲ့ မူဘောင်တွေ စနစ်တကျ ရေးဆွဲပြီးမှ နိုင်ငံရေးသဘော တူညီချက်တွေ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တစ်ရပ် လည်းဖြစ်ပါတယ်။ ပထမဦးဆုံး အတွေ့အကြုံဖြစ်ပေမယ့်လည်း ကျွန်မတို့ရဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့နဲ့ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့တွေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီမှာပဲဖြစ်ဖြစ်၊ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွေ၊ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲတွေနဲ့ ညီလာခံဆွေးနွေးပွဲတွေမှာ တကယ့်ကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ပါဝင်ဆောင်ရွက်ခဲ့ကြတာဟာ အားရစရာ အထူးပဲ ကောင်းလှပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်မယ့် အခြေခံမူတွေကို စိတ်အားထက်သန်စွာ စဉ်းစားသုံးသပ် ဆွေးနွေးညှိနှိုင်းခဲ့ကြတာဟာ သမိုင်းတစ်လျှောက် ပထမဦးဆုံးမှတ်တိုင်တွေ ဖြစ်လာခဲ့ပါပြီ။

ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါဝင်သေးတဲ့ အဖွဲ့အစည်းတွေ၊ စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းရာမှာ ပါဝင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းတွေ ကျန်ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြိုကြားကြိုကြား ဖြစ်နေတုန်းပါပဲ။ မြန်မာနိုင်ငံအောက်ပိုင်းမှာ ငြိမ်းချမ်းရေးအလင်းရောင်တွေ ထွန်းလင်းတောက်ပနေပေမယ့်လည်း တစ်နိုင်ငံလုံး ခြုံလွှမ်းနိုင်အောင် မပေးနိုင်သေးပါဘူး။ ကျွန်မတို့အားလုံး ကိုယ်စီကိုယ်စီ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားကြရဦးမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရရှိပြီးကတည်းက  ကျွန်မတို့နိုင်ငံမှာ   လက်နက်ကိုင်ပဋိပက္ခကြောင့်  အင်အားပေါင်းများစွာ   ဆုံးရှုံးခဲ့ရပါတယ်။    တိုင်းပြည် မငြိမ်းချမ်းတဲ့အတွက် တည်ငြိမ်မှုကင်းမဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ အဘက်ဘက်က နောက်ကျလို့ အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲကိုတောင် သက်ဆင်းကျရောက်ခဲ့ရပါတယ်။   နိုင်ငံကလည်း နစ်နာ၊  လူထုလည်း နစ်နာ၊  ပြည်ထောင်စုရဲ့ အနာဂတ်လည်း  နစ်နာခဲ့ရပါတယ်။    ဒီကနေ့ ဒီအချိန် ကျွန်မတို့နိုင်ငံမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရပါတယ်။ အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာအလယ်မှာ ကျွန်မတို့နိုင်ငံဟာ ဖိအားပေါင်း များစွာ၊ ဝေဖန်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရသလို ပြည်တွင်းမှာလည်း သဘောထားကွဲလွဲမှုတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတုန်းပါပဲ။ မတူကွဲပြားမှုတွေကို ပေါင်းစည်းပြီး အင်အားအဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ လောကကြီးနဲ့ ယနေ့ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ ကြီးပြင်းလာတဲ့ အချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ထူးမခြားနား နိုင်ငံတော်မျိုးကို ကျွန်မတို့ ထားရစ်ခဲ့မှာလား၊ စည်းလုံးညီညွတ် ခိုင်မာတောင့်တင်းပြီး  အများသူငှာက  လေးစားရတဲ့  နိုင်ငံတော်ကို  ကျွန်မတို့  ထားရစ်ခဲ့မှာလား၊  အလေးအနက်ထား စဉ်းစားကြဖို့ ကျွန်မအနေနဲ့ ဒီကနေ့ ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်။

နောက်ထပ် ဘယ်အချိန်အထိ ကျွန်မတို့ ပြည်သူတွေ စောင့်ဆိုင်းနေကြရဦးမှာလဲ။ ဘယ်အချိန်အထိ ကျွန်မတို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကြီးစိုးနေဦးမှာလဲ၊ နောက်ထပ် ဘယ်အချိန်အထိ မညီညွတ်တဲ့နိုင်ငံဘဝနဲ့ နေနေကြရဦးမှာလဲ။ အဲဒီ လက်နက်ကိုင်ပဋိပက္ခတွေကို စတင်ခဲ့ကြတဲ့ သူတွေကတော့ ဒီကနေ့ ဒီအချိန်မှာ ဒီလောကကြီးထဲမှာ မရှိကြတော့ပါဘူး။ အမွေဆိုးအဖြစ် ထားရစ်ခဲ့တဲ့ ဒီပဋိပက္ခတွေကို ဆက်လက်သယ်ဆောင်ပြီး ကျွန်မတို့လက်ထက်မှာလည်း စစ်မီးမငြိမ်း၊ မြက်ခင်းမစိမ်းနိုင်သေးဘဲ ယမ်းငွေ့တွေ ဝေနေဦးမှာလား၊ ဆက်ပြီးတော့လည်း ယမ်းငွေ့ တွေ ဝေနေစေချင်သေးတာလားဆိုတာကို ကိုယ့်ကိုကိုယ် မေးကြရမှာပါ။

ကျွန်မတို့ရဲ့ နိုင်ငံထူထောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းတွေနဲ့ အခွင့်အရေး သာတူညီမျှရှိတဲ့၊ ဝါဒရေးရာ ဖြူစင်တဲ့ ပြည်ထောင်စုကြီး တည်ထောင်နိုင်ဖို့ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ကျွန်မတို့အားလုံး လက်တွဲ ပူးပေါင်း ကြိုးပမ်းကြဖို့ အချိန်တန်နေပါပြီ။ တိုင်းပြည်နာလှပြီဖြစ်သလို ကျွန်မတို့ ပြည်သူတွေလည်း မျှော်လင့်ချက်တွေ မှေးမှိန်နေခဲ့တာ နှစ်ပေါင်း (၇၀) ကျော်လွန်ခဲ့ပါပြီ။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးရဲ့အစ နိဒါန်းဖြစ်တဲ့ NCA ကို မျက်မှောက်ပြုကြဖို့ ကျွန်မအနေနဲ့ လေးလေးနက်နက် တိုက်တွန်းပြောကြားလိုပါတယ်။

အတိတ်က သံသယတွေ၊ အာဃာတတွေ ပစ္စုပ္ပန်အပေါ် အရိပ်ထိုးတတ်ကြပါတယ်။ ဒါဟာ လူ့သဘာဝအရ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံး ပြီးခဲ့တဲ့အတိတ်ကို သင်ခန်းစာယူပြီး တိုင်းပြည်ရဲ့အနာဂတ်အတွက်၊ ကျွန်မတို့ ပြည်သူတွေရဲ့ အနာဂတ်အတွက် ရှေ့ကို ခြေလှမ်းတစ်လှမ်းရဲရဲကြီး လှမ်းလိုက်ဖို့ ပြောချင်ပါတယ်။ လက်နက်တွေ ခဏဘေးဖယ်ပြီး တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းတွေမှာ မိသားစုအချင်းချင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ကြဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် စတင်မှုအသစ်တစ်ခုကို အစပြုပေးကြဖို့ ပြောကြားလိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အားလုံး သဘောတူလက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ဦးတည်ကြိုးပမ်းနေတဲ့ (၂၁) ရာစု ပင်လုံညီလာခံလမ်းကြောင်းကို မမှိတ်မသုန် ဆက်လက်လျှောက်လှမ်းသွားဖို့ သန္နိဌာန်ချထားပြီး ဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲမျိုး၊ ဘယ်လို စိန်ခေါ်မှုမျိုး ကြုံတွေ့ရသည်ဖြစ်စေ ဖက်ဒရယ်ပန်းတိုင်အပျောက်မခံဘဲ ခြေလှမ်းမှန်မှန်နဲ့ ရှေ့ကိုဆက်ပြီး လျှောက်လှမ်းသွားမှာဖြစ်ကြောင်း အလေးအနက်ပြောလိုပါတယ်။

NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားမှာ ကျွန်မပြောခဲ့ပါတယ်။ နောက်ထပ် လာမယ့် ညီလာခံအစည်းအဝေး (၃) ကြိမ်မှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်အောင်၊ ဖက်ဒရယ်အုတ်မြစ်ကို ခိုင်ခိုင်မာမာ စိုက်ထူနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲ ပူးပေါင်းပေးကြဖို့ ထပ်လောင်း ပြောလိုပါတယ်။

ဒါပေမယ့် ကျွန်မတို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပန်းတိုင် ဖက်ဒရယ်ခရီးကတော့ ချောချောမွေ့မွေ့ သာသာယာယာနဲ့ ဖြတ်သန်းရမှာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးခရီးဟာ တာဝေးခရီးဖြစ်တဲ့အတွက် စိတ်ဓါတ်နဲ့ ယုံကြည်မှုက အရင်းခံဖြစ်ပါတယ်။ အခုထိလည်း နိမ့်လိုက် မြင့်လိုက်၊ လျှောက်လိုက် ရပ်လိုက်နဲ့ အကွေ့အကောက်တွေကလည်း များလှပါတယ်။ ဒါပေမယ့် ကျွန်မတို့ စိတ်မပျက်ပါဘူး။ ကျွန်မတို့ လက်လျှော့မှာမဟုတ်ပါဘူး။ ဆက်ပြီး လျှောက်မယ်၊ ဆက်လက်ပြီး ကြိုးပမ်းသွားမယ်။ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ၊ ကျွန်မတို့ရဲ့ တိုင်းရင်းသားပြည်သူတွေအတွက်၊ အောက်ကျနောက်ကျဖြစ်နေရတဲ့ ကျွန်မတို့ရဲ့ နိုင်ငံတော်အတွက် ပြန်လည်သင့်မြတ်ရေးလမ်းကို မမှိတ်မသုန် ဆက်လျှောက်သွားမှာပါပဲ။  

မလွယ်ကူဘူး၊ ခက်ခဲမယ်၊ စိန်ခေါ်မှုတွေများမယ်ဆိုတာ ကျွန်မတို့ အစကတည်းက သိခဲ့ပါတယ်။ လွယ်ကူတယ်ဆိုရင် ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းရေးရနေတာ ကြာလှပြီပေါ့။ ကျွန်မတို့ရဲ့ သမိုင်းကြောင်းက ပြောပြတယ်၊ တိုင်းရင်းသားတွေက ပြောကြတယ်၊ လူတိုင်းကပြောကြတယ်၊ လေ့လာသုံးသပ်သူ ပညာရှင်တွေက ပြောကြတယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ပြည်သူတွေ အားလုံး သဘောတူလက်ခံကြတဲ့ ဖက်ဒရယ်စနစ်ကို ထူထောင်တည်ဆောက်နိုင်မှ ငြိမ်းချမ်းနိုင်မယ် ဆိုတာကို။ အားလုံးသိကြတဲ့အတိုင်း ဒီကနေ့ ဒီအချိန်မှာ ဖက်ဒရယ်ဆိုတာ သမိုင်းရဲ့ လိုအပ်ချက် တစ်ရပ်၊ ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်းတစ်ရပ်အဖြစ်ကို ရောက်ရှိနေခဲ့ပါပြီ။

ဒါဆို ဘယ်လို ဖက်ဒရယ်မျိုးလဲလို့ မေးကြပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်သူတွေအတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့်၊ ညီညွတ်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ထိန်းသိမ်း ပေးနိုင်မယ့် ဖက်ဒရယ်မျိုးပဲ ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ နိုင်ငံအားလုံးအတွက် အံဝင်ခွင်ကျဖြစ်စေမယ့်  တစ်ခုတည်းသော  ဖက်ဒရယ်စနစ်ဆိုတာ  မရှိပါဘူး။  သူ့နိုင်ငံ၊  သူ့သမိုင်း၊ သူ့အလူ့အဖွဲ့ အစည်းအပေါ်မူတည်ပြီး လိုက်လျော   ညီထွေ ပြုပြင်တည်ဆောက်ကြရတာ ဖြစ်ပါတယ်။ ကျွန်မတို့ အားလုံး ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းပြီး အနာဂတ်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ဒီဇိုင်းကို ရေးဆွဲကြမှာပါ။ ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ နိုင်ငံသားတွေ ညီညွတ်ဖို့လိုတယ်။ ညီညွတ်တဲ့ ပြည်ထောင်စုတွေကသာ ဖက်ဒရယ်ကို ခိုင်ခိုင် မာမာ ရေရှည်ကျင့်သုံး ထိန်းသိမ်းနိုင်တာ ဖြစ်ပါတယ်။ ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့အတွက် နားလည်မှုနဲ့ ယုံကြည်မှုတွေကို ဦးစွာ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းတွေကို ကျွန်မတို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွေကို လာရောက် ကြဖို့ ညှိနှိုင်းနေ၊ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့သစ်တွေ တိုးလာပြီးတဲ့နောက်မှာလည်း ကျွန်မတို့ရဲ့ ရှေ့လုပ်ငန်းစဉ်က ရှင်းပါတယ်။ NCA လက်မှတ်ရေးထိုးပြီးသား အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ်တွေ ခိုင်မာအောင် ဆက်ကြိုးပမ်းသွားမယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ် မယ်။ ကျွန်မတို့ အချင်းချင်းအကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပေါ်လာရင် ပင်လုံစိတ်ဓာတ်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြပါမယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့လည်း လက်နက်ကိုင်ပဋိပက္ခတွေ လျော့နည်းသွားအောင် တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အဖြေရှာပါမယ်။ ဒီအဖွဲ့တွေ NCA ထီးရိပ်အောက် ရောက်ရှိလာပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာအောင် ကြိုးစားပါမယ်။ ဒီလုပ်ငန်း စဉ်တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဆက်လက်လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်မတို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ အမျိုးသားညီညွတ်ရေးကို ဆောင်ကြဉ်းနိုင်ဖို့ အလေးအနက်ထားပြီး ပြောကြားလိုပါတယ်။ ကျွန်မတို့အားလုံး အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်မယ်ဆိုရင် ကျွန်မတို့အားလုံး အတူလက်တွဲပြီး ဘာမဆို အောင်မြင်အောင် ကြိုးပမ်းနိုင်မှာပါ။ အလားတူပါပဲ အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်စွမ်း မရှိဘူးဆိုရင် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အခက်အခဲတွေ ကြုံတွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ ပျော့ပျောင်းခြင်းဟာ ပျော့ညံ့ခြင်းမဟုတ်ပါဘူး။ ညှိနှိုင်းတာဟာ အရှုံးပေးတာ မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးညှိနှိုင်းရမှာကို စိုးရွံမနေကြဖို့ အရေးကြီးပါတယ်။ အမျိုးသားညီညွတ်ရေးကို ဦးတည်လျှောက်လှမ်းကြရမှာ ကျွန်မတို့ အချင်းချင်းအကြား သွေးကွဲ၊ သဘောထား ကွဲလွဲစေမယ့် ကိစ္စရပ်တွေကို လျော့ကျသွားစေဖို့ ကျွန်မတို့အားလုံးကို ပိုမိုစုစည်း၊ ပိုမိုညီညွတ်စေမယ့် ဘုံတူညီချက်တွေကို ဖော်ထုတ်ကြရမှာပါ။

ဒီကနေ့ ကျွန်မတို့ ပြည်သူတွေအတွက်၊ ကျွန်မတို့နိုင်ငံအတွက် လုပ်ရမယ့် ကိစ္စရပ်တွေ၊ ဖြည့်ဆည်းပေးရမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိနေပါတယ်။ ပြည်သူတွေရင်ဆိုင်နေရတဲ့ မပြေလည်မှုတွေကို ပြေလည်စေဖို့၊ မငြိမ်းချမ်းမှုတွေကနေ ဖြစ်ပေါ်လာတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ မတည်မငြိမ်ဖြစ်မှုတွေကို ဖယ်ရှားပေးနိုင်ဖို့၊ သူတို့အတွက် သေချာရေရာတဲ့ အနာဂတ်တွေကို ဆောင်ကြဉ်းပေးဖို့ ကျွန်မတို့ ညီညွတ်ကြဖို့ အချိန်တန်ပါပြီ။ ကျွန်မတို့အချင်းချင်း လက်တွဲလုပ်ကိုင်ခြင်းကပဲ အတိတ်ကစတင်ခဲ့တဲ့ သံသယနဲ့မုန်းတီးမှုတွေကို ပြေပျောက်နိုင်စေမှာ ဖြစ်ပါတယ်။

အခုဆိုရင် ကျွန်မတို့ ပြည်သူတွေက (၂၁) ရာစုပင်လုံညီလာခံကို မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်ကြည့်နေပါတယ်။ ကျွန်မတို့ရဲ့ တုဖက်ပြိုင်ဆိုင်မှုတွေ၊ မာန်မာနနဲ့ အာဃာတ တိုးတိုက်မှုတွေကို ကျွန်မတို့ပြည်သူတွေက အကဲဖြတ်ကြမှာပါ။ အတိတ်မှာ သာခဲ့တာတွေ၊ နာခဲ့တာတွေကို ပြန်လည်သယ်ဆောင်နေဦးမယ်ဆိုရင် ကျွန်မတို့ရဲ့ ညီညွတ်ရေးကို ပိုပြီးတော့ ကွဲဟစေမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရရှိခဲ့လို့ ညီညွတ်ရေးပြိုကွဲခဲ့တဲ့ နှစ်ပေါင်းများစွာ အမှောင်ထုကြီးကို ဖြိုခွင်းနိုင်မယ့် အခွင့်အရေးဟာ ဒီကနေ့ ကျွန်မတို့အားလုံးရှေ့ကို ရောက်နေပါပြီ။ သမိုင်းကပေးတဲ့ အခွင့်အရေး၊ ပြည်သူကပေးတဲ့ အခွင့်အရေးပါပဲ။

ဒီအခွင့်အရေးကို အလဟဿ မဖြစ်စေဖို့ ကျွန်မတို့အားလုံး သတိပြုကြစေချင်ပါတယ်။ ရှေ့ကို ခြေလှမ်းတစ်လှမ်းတက်ဖို့ စိုးရွံ့မနေကြပါနဲ့။ ကျွန်မတို့ ကြောက်ရွံရမှာက ကျွန်မတို့စိတ်ထဲမှာ ရှိနေတဲ့ ကြောက်ရွံ့စိတ်တွေပဲဖြစ်ပါတယ်။ ဘယ်သူမှ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကို သေသေချာချာ သိနိုင်ကြတာ မဟုတ်ပါဘူး။ ဘာဖြစ်လာမယ်ဆိုတာ သေချာမသိနိုင်တဲ့ အခြေအနေနဲ့ ကျွန်မတို့ နေ့စဉ်နေ့တိုင်း အိပ်ရာကနိုးထလာကြရပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းမှာ ဘာတွေကြုံလာရဦးမယ်ဆိုတာ ကျွန်မတို့အားလုံး မသိနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်မတို့ နောက်မှာ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာ လိုလားတောင့်တနေတဲ့ ပြည်သူတွေရှိနေပါတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေးအိပ်မက်တွေ မှေးမှိန်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် သူတို့ဆန္ဒ၊ သူတို့မျှော်လင့်ချက်တွေကတော့ အရောင်တလက်လက် တောက်ပနေတုန်းပါပဲ။ သူတို့နဲ့ အတူ၊ ကျွန်မတို့ရဲ့ ပြည်သူတွေနဲ့အတူ ကျွန်မတို့အားလုံး ရဲရဲတင်းတင်းနဲ့ရှေ့ကို တက်လှမ်း လိုက်ကြတာပေါ့။ ဖြစ်လာသမျှ ရင်ဆိုင်ကြမယ်၊ ကြုံလာသမျှ ဖြေရှင်းကြမယ်။ ကမ္ဘာ့အလယ် တင့်တယ်၊ အားကောင်းတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက်၊ နောင်လာမဲ့ မျိုးဆက်တွေ တောက်ပရေးအတွက်၊ ကျွန်မတို့ ပြည်သူတွေနဲ့အတူ ကြိုးပမ်းတဲ့နေရာမှာ စေတနာ၊ ပညာ၊ သတ္တိ လိုအပ်ပါတယ်။ နိုင်ငံ့အပေါ်ထားအပ်တဲ့ စေတနာ၊ စေတနာရဲ့ အသီးအပွင့်တွေ ဝေဆာနိုင်မယ့် ပညာ၊ ပညာရဲ့လမ်းညွှန်မှုအရ လုပ်ရဲတဲ့သတ္တိတွေနဲ့ ရှေ့ငြိမ်းချမ်းရေး၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေကို တာဝန်ကျေစွာ ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း မေတ္တာရပ် ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။