You are currently viewing တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အနှစ်ချုပ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အနှစ်ချုပ်

၁။      ဤသဘောတူစာချုပ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအကောင်အထည်ဖော်မှုကိုဦးတည်၍ သဘောတူစာချုပ်ချုပ်ဆိုသော စာချုပ်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုတစ်ဝန်းလုံးတွင် အကျိုးသက်ရောက်မှုရှိသည်။

၂။       ဤသဘောတူစာချုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ယခင်ကချုပ်ဆိုခဲ့သော သဘောတူညီချက်များအား ထပ်လောင်းအသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်း၊ ထပ်ဆင့်အတည်ပြုခြင်းဖြစ်ပြီး အခန်း(၇) ခန်းနှင့် အပိုဒ်ပေါင်း (၃၃) ပိုဒ် ပါရှိသည်။

၃။      ဤသဘောတူစာချုပ်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီတူမှု နှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ရည်ရွယ်ပါသည်။

၄။    ထို့အပြင် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ်ထူထောင်ပြီး တန်းတူရည်တူ အခွင့်အရေးရရှိမည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန် သဘောတူကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောထားဆန္ဒများကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်သင့်သူအားလုံး ပါဝင်သွားရန် သဘောတူကြသည်။

၅။     အပစ်ရပ်စဲရေးကို ခိုင်ခိုင်မာမာအကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်လိုက်နာရမည့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူလူထုကိုအကာအကွယ်ပေးရေးအတွက် လိုအပ်သည့်အချက်များကိုလည်း စာချုပ်တွင် အသေးစိတ်ဖော်ပြထားသည်။ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs)များနှင့် ပဋိပက္ခဒဏ်ခံစားရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရေးကို နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူကြပါသည်။

၆။      သဘောတူညီထားသော စစ်ဘက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိထိရောက်ရောက်လိုက်နာမှုရှိစေရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းပြီး စောင့်ကြည့်ကြီးကြပ်ရေးလုပ်ငန်း များကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

၇။      ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံရေး လမ်းပြမြေပုံတစ်ခုကိုလည်း သဘောတူညီခဲ့ကြပါသည်။ ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံး ပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကို ဖွဲ့စည်း၍ အကောင်အထည်ဖော်မည် ဖြစ်ပါသည်။ ထိုပူးတွဲကော်မတီက နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲ၍ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို အကောင်အထည်ဖော် သွားမည် ဖြစ်ပါသည်။

၈။      ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ယုံကြည်မှုတည်ဆောက်နိုင်စေရန်အလို့ငှာ မတရားအသင်းအဖြစ် ကြေညာထားသောအဖွဲ့အစည်းများကို မတရားအသင်းစာရင်းမှပယ်ဖျက်ရန် သဘောတူညီခဲ့သည့်အလျောက် ဤစာချုပ်တွင် လက်မှတ်ရေးထိုးသောအဖွဲ့အစည်းများကို အစိုးရက မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခဲ့ပါသည်။

၉။      ထို့အပြင် လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့ နှင့်သက်ဆိုင်သည့် အပစ်ရပ်နယ်မြေများအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့အဖွဲ့အစည်းများ၏ အတိုင်းအတာအရ တာဝန်ယူနေကြသော အဖွဲ့အစည်းများဖြစ်ကြသည့်အားလျော်စွာ အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပအကောင်အထည်ဖော်နေသည့်ကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာ စကား၊ စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူသည်။

၁၀။    ဤစာချုပ်သည် နိုင်ငံတော်အကြီးအကဲများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက လက်မှတ်ရေးထိုးပြီးသည့်အချိန်မှ စတင်၍ အသက်ဝင်မည်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုဖော်ဆောင်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သမိုင်းဝင် သဘောတူစာချုပ် ဖြစ်ပါသည်။

မှီငြမ်းကိုးကား။         အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန