NCA စာချုပ်သည် အပစ်အခတ်ရပ်စဲရေးကိုသာမကဘဲ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်ရေးဆွဲထားသော စာချုပ်တစ်ရပ် ဖြစ်ပါသည်။
NCA တွင် အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါဝင်ပြီး နိုင်ငံရေးဆိုင်ရာ အချက် ၃၅ ချက်၊ စစ်ဘက် ဆိုင်ရာအချက် ၅၅ ချက်၊ လူမှုစီးပွားဘဝနှင့်သက်ဆိုင်သော အချက် ၂၃ ချက် ပါဝင်ပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်သည့်နေ့မှစ၍ NCA သဘောတူစာချုပ် အပြီးသတ် ရရှိသည့်နေ့အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပြီး အစည်းအဝေးငယ်များ၊ တွေ့ဆုံညှိနှိုင်းမှုအကြိမ် (၅၀၀၀) ကျော်အထိ ဆောင်ရွက်ခဲ့ရပါသည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၌ နိုင်ငံတော်သမ္မတမှ NCA တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ရန်အတွက် EAO အဖွဲ့ ၁၅ ဖွဲ့အား ဖိတ်ခေါ်ခဲ့သော်လည်း ၈ ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် NCA သဘောတူစာချုပ်ကို နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ (ABSDF ၊ ALP ၊ CNF ၊ DKBA ၊ KNU၊ KNU/ KNLA-PC ၊ PNLO ၊ RCSS/SSA)တို့သည် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ကုလ သမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ထိုင်းနိုင်ငံများမှ သံတမန်များ ၊ ပြည်တွင်းအသိ သက်သေများ၏ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ပြည်ထောင်စု လွှတ်တော်က Union Accord အဖြစ် အတည်ပြုထားသည့် ခိုင်မာသောစာချုပ်၊ သမိုင်းဝင်စာချုပ် တစ်ရပ်ဖြစ်သည့်အပြင် မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်တံ့နေမည့် စာချုပ်တစ်ရပ်ဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU)တို့မှ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။