You are currently viewing ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၁၁-၇-၂၀၁၈ မှ ၁၆-၇-၂၀၁၈)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၁၁-၇-၂၀၁၈ မှ ၁၆-၇-၂၀၁၈)

နိဒါန်း

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်ထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့ပါသည်။ ညီလာခံသို့ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များအစုအဖွဲ့ စုစုပေါင်း (၇၀၀) ဦး တက်ရောက်ရန် သတ်မှတ်ခဲ့ပါသည်။ (၉၃၅) ဦး တက်ရောက်ခဲ့ပါသည်။ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့် မြေယာနှင့်သဘာဝ ပတ်ဝန်း ကျင်ကဏ္ဍဟူ၍ ကဏ္ဍ (၅) ရပ်ခွဲခြားပြီး ဆွေးနွေးခဲ့ကြပါသည်။

ရည်ရွယ်ချက်

၂။      ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် ရလဒ်များနှင့်အညီ တည်ဆောက်ရန် ရည်ရွယ်ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတတိယအစည်းအဝေးကျင်းပရေး လုပ်ငန်း ကော်မတီများဖွဲ့စည်းခြင်း

၃။  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံတတိယအစည်းအဝေး ကျင်းပရေး လုပ်ငန်းကော်မတီ(၁၁) ခုဖွဲ့စည်းခဲ့ပါသည်။ ၎င်းတို့မှာ ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေး လုပ်ငန်းကော်မတီ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ ခန်းမတွင်းနေရာချထားရေးလုပ်ငန်းကော်မတီ၊  ဧည့်ခံ ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားများပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ကျန်းမာ ရေးလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာရေး လုပ်ငန်းကော်မတီတို့ ဖြစ်ပါ သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတတိယအစည်းအဝေး တက်ရောက်သူများစာရင်း

၄။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတတိယအစည်းအဝေးသို့ ၉၃၅ ဦး တက်ရောက်ခဲ့ပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

   (က)      ညီလာခံကိုယ်စားလှယ်များ  -၆၉၉ ဦး

                (၁) အစိုးရအစုအဖွဲ့       –  ၇၄ ဦး

                (၂) လွှတ်တော်အစုအဖွဲ့  –  ၇၅ ဦး

                (၃) တပ်မတော်အစုအဖွဲ့  -၁၅၀ ဦး

               (၄) တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့           -၁၅၀ ဦး

                (၅) နိုင်ငံရေးပါတီများအစုအဖွဲ့  -၁၅၀ ဦး

              (၆) ပါဝင်သင့် ပါဝင်ထိုက်သူများ – ၅၀ ဦး

            (၇) တိုင်းရင်းသားကိုယ်စားလှယ်များ-  ၅၀ ဦး    

  (ခ) ညီလာခံတက်ရောက်သူ NCA-NS     EAOs   –   ၃၂ ဦး

              (၁) KNPP                        –  ၁၉ ဦး

              (၂) UWSA                         –  ၁၃ ဦး

   (ဂ)    လေ့လာသူအဖြစ် တက်ရောက်သူများ     – ၂၀၄ ဦး

                       စုစုပေါင်း              –   ၆၉၄ ဦး

ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၂)ချုပ်ဆိုခြင်း

၅။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတတိယအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်မှ (၁၆) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤညီလာခံကြီးတွင် ပြည် ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က အဆိုပြုတင်သွင်းလာသောမူဝါဒအဆို ပြုချက်များအပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကိုအဆင့်ဆင့် ကျင်းပပြုလုပ်ပြီး ရရှိလာသောအဆိုပြုချက်များကို ပြည်ထောင်စု သဘောတူစာချုပ်အစိတ် အပိုင်းများအဖြစ် သဘောတူညီမှုရရှိခဲ့ပါသည်။ ဤညီလာခံကြီးတွင် ချုပ်ဆိုသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)တွင်နိုင်ငံရေး ကဏ္ဍ အခြေခံမူသဘောတူညီချက် (၄)ချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူသဘောတူညီချက်(၁) ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူသဘောတူညီချက်(၇)ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ကဏ္ဍ အခြေခံမူသဘောတူညီချက်(၂)ချက် စုစုပေါင်း(၁၄)ချက်သဘောတူညီမှုရရှိခဲ့ပါသည်။ 

နိဂုံး

၁၀။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံတတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့ပါသည်။ ဤညီလာခံမှ အချက်(၁၄)ချက် ပါဝင်သည့် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၂)ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အပိုဒ် (၂၀) (င) အရ အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့်အသိသက်သေ များက လက်မှတ်ရေးထိုး ခဲ့ကြပါသည်။

မှီငြမ်းကိုးကား

  • တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
  • ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးမှတ်တမ်း