ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၀၁၆ ဇန် ၁၂-၁၆)
နိဒါန်း
၁။ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက် အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့ပါသည်။ ညီလာခံသို့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ စုစုပေါင်း (၆၄၈) ဦး တက်ရောက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၂။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို နိုင်ငံရေး ဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် ရလဒ်များနှင့်အညီ တည်ဆောက်ရန် ရည်ရွယ်ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း
၃။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေးဗဟိုကော်မတီကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြေငြာစာအမှတ်(၇၇/၂၀၁၅) အရ ဒုတိယသမ္မတ ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်-
၄။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေးဗဟိုကော်မတီသည် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းကော်မတီများမှာ ဖိတ်ကြားရေးကော်မတီ၊ တည်းခိုနေထိုင်ရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ ဖွင့်ပွဲနှင့် အစည်းအဝေး အခမ်းအနား ကျင်းပရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ ကျန်းမာရေးကော်မတီနှင့် ဘဏ္ဍာရေးကော်မတီတို့ ဖြစ်ပါသည်။
၅။ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ကဏ္ဍအလိုက် အစုအဖွဲ့များဖွဲ့စည်းကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ ကြပါသည်။ ယင်းအစုအဖွဲ့များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
- နိုင်ငံရေးကိစ္စရပ်များဆွေးနွေးမှုအစုအဖွဲ့၊
- လူမှုရေးကိစ္စရပ်များဆွေးနွေးမှုအစုအဖွဲ့၊
- စီးပွားရေးကိစ္စရပ်များဆွေးနွေးမှုအစုအဖွဲ့၊
- လုံခြုံရေးကိစ္စရပ်များဆွေးနွေးမှုအစုအဖွဲ့၊
- မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒကိစ္စရပ်များ ဆွေးနွေးမှုအစုအဖွဲ့ ဟူ၍ အစုအဖွဲ့(၅)ခုကို ဖွဲ့စည်းထားပါသည်။
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့ တင်သွင်းသည့် အဆိုပြုလွှာ(၄)ရပ်
၆။ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့ တင်သွင်းသည့် အဆိုပြုလွှာ (၄) ရပ် ရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်သူများစာရင်း
(က) နိုင်ငံရေးဆွေးနွေးပွဲများ၏ အချိန်ကာလနှင့် ပတ်သက်၍ အဆိုပြုချက်။ တတိယအကြိမ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(Joint Implementation and Coordination Meeting-JICM) ဆုံးဖြတ်ချက်(၂၀၁၅- ကညစ ၃/၄) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(Union Peace Dialogue Joint Committee-UPDJC) အစည်းအဝေး ဆုံးဖြတ်ချက်(၂၀၁၅- ပငက ၃/၂၀)တို့မှ အဆိုပြုထားသည့်အတိုင်း “ပြည်ထောင်စု သဘောတူစာချုပ်ရရှိနိုင်ရေးအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးရမည့် အချိန်ကာလ” ကို (၃) နှစ်မှ (၅) နှစ် အတွင်း ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းကို ဦးလှမောင်ရွှေ (UPDJC အတွင်းရေးမှူးအဖွဲ့ဝင်) မှ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့ အဆိုပြုချက် တင်သွင်းအပ်ပါသည်။
(ခ) ဒုတိယအကြိမ် ညီလာခံကျင်းပရေးဆိုင်ရာ အဆိုပြုချက်။ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သင့်တင့်လျောက်ပတ်သောအချိန်ကာလတွင် ဆောလျင်စွာ ကျင်းပသွားနိုင်ရေးကို ဗိုလ်ချုပ် မြင့်နွယ်(UPDJC အတွင်းရေးမှူးအဖွဲ့ဝင်) မှ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ အဆိုပြုတင်သွင်းအပ်ပါသည်။
(ဂ) ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးပါဝင်မှုမြှင့်တင်ရေးဆိုင်ရာ အဆိုပြုချက်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် အမျိုးသမီး(၃၀%) ပါဝင်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်ဟု သဘောတူခဲ့သော်လည်း ယခုကျင်းပသော ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းသည် (၁၀%) မျှပင် မပြည့်ပါ။ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်သင့်သောအမျိုးသမီးများ ပါဝင် လာရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အစုအဖွဲ့အသီးသီးမှ ကြိုးစားသင့်ကြောင်းကို ဒေါက်တာ လျန်မှုန်းဆာခေါင်း (UPDJC အတွင်းရေးမှူးအဖွဲ့ဝင်)မှ အဆိုပြုတင်သွင်း အပ်ပါသည်။
(ဃ) မှတ်တမ်းတင်ခြင်းဆိုင်ရာအဆိုပြုချက်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရရှိနိုင်ရေးအတွက်သော်လည်းကောင်း၊ ၎င်းမှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး အတွက်သော်လည်းကောင်း ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများနှင့် အဖွဲ့အစည်းများ၊ ဝန်းရံပံ့ပိုးသူများကို ဤပထမ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်းကို ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) မှ အဆိုပြု တင်သွင်းအပ်ပါသည်။
၇။ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သို့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ် များနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ အောက်ပါအတိုင်း တက်ရောက်ခဲ့ကြပါသည်-
နိဂုံး
၈။ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက် အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) တွင် ကျင်းပခဲ့ရာ အစုအဖွဲ့ (၇) ဖွဲ့မှ စုစုပေါင်း (၆၄၈) ဦး တက်ရောက်ခဲ့ပါသည်။ နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ ကိစ္စရပ်များ ကဏ္ဍဟူ၍ ကဏ္ဍ(၅)ရပ် ခွဲခြားပြီး ဆွေးနွေးခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် ညီလာခံပိတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ အဖွင့်အမှာစကားပြောကြားပြီး ညီလာခံကိုယ်စားလှယ်အစုအဖွဲ့(၇)ခုမှ ကိုယ်စားလှယ် (၁၅)ဦးက ကဏ္ဍတစ်ခုလျှင် မိနစ်(၃၀)စီ အချိန်ယူဖတ်ကြားတင်သွင်းကာ ညီလာခံမှ အတည် ပြုခဲ့ပါသည်။ အစိုးရအစုအဖွဲ့မှ ဦးလှမောင်ရွှေ၊ တပ်မတော်အစုအဖွဲ့မှ ဗိုလ်ချုပ် မြင့်နွယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့မှ ဒေါက်တာ လျန်မှုန်းဆာခေါင်းနှင့် လွှတ်တော်များ အစုအဖွဲ့မှ ဦးခက်ထိန်နန် တို့က ညီလာခံသို့ အဆိုပြုချက် (၄) ရပ် တင်သွင်း၍ ညီလာခံမှ အတည်ပြုခဲ့ပါသည်။ ထို့နောက် ညီလာခံမှ အတည်ပြုပြီးသော ကဏ္ဍ(၅)ခုနှင့် ပတ်သက်သည့် ဆွေးနွေးချက် စုစည်းမှုများအား ညီလာခံကိုယ်စားလှယ် UPDJC ဒုတိယ ဥက္ကဋ္ဌ(၃) ဦးမှ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြပါသည်။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက နိဂုံးချုပ် မိန့်ခွန်းပြောကြားကာ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
မှီငြမ်းကိုးကား
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
- ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံမှတ်တမ်း