၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးကြိုးပမ်းမှု၏ အဓိကသမိုင်းမှတ်တိုင်တစ်ခုဖြစ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။
၂။ စာချုပ်မူကြမ်းကို စတင်ညှိနှိုင်းစဉ်က နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၇) ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ညှိနှိုင်းခဲ့ကြပြီး ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် မူကြမ်းအဆင့်အား နိုင်ငံတော်သမ္မတထံအပ်နှံခဲ့ပြီးနောက် ဩဂုတ်လ ၇ ရက်နေ့တွင် လော်ခီးလာ ညီလာခံမှ မူချောအဖြစ် ထပ်မံအတည်ပြုနိုင်ခဲ့ကြပါသည်။ ၁၇ လအကြာ ညှိနှိုင်း ဆွေးနွေးမှုများအပြီး အခန်း (၇) ခန်းနှင့် အချက်ကြီး (၃၃) ချက်ပါ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့ တို့အကြား နိုင်ငံတကာနှင့် ပြည်တွင်းသက်သေများ ရှေ့မှောက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ အားလုံးပါဝင်ညှိနှိုင်းပြုစုထားသည့် NCA သဘောတူစာချုပ်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စုလွှတ်တော်က တရားဝင်၊ ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက်သည့်အနက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးအတွက် သမိုင်းဝင် အခြေခံအုတ်မြစ်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
၃။ NCA လက်မှတ်ရေးထိုးခဲ့သည့် တစ်နှစ်တာအတွင်း စာချုပ်ပါအချက်များကို အတိုင်းအတာတစ်ခုအထိ သက်ဆိုင်သူများအားလုံးမှ ကြိုးစားအကောင်အထည်ဖော်ခဲ့ကြပါသည်။ စိတ်ရှည်သည်းခံမှု၊ အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ကို အခြေခံ၍ ရရှိခဲ့သည့် ယုံကြည်မှုကို အရင်းအနှီးပြုကာ NCA ကို ထိန်းသိမ်းလျက် ငြိမ်းချမ်းရေးလုပ်ငန်းများ ပူးတွဲအကောင်အထည်ဖော်မှု တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလုပ်ဆောင်လျက်ရှိပါသည်။
၄။ NCA ပါ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ထိထိရောက်ရောက် လိုက်နာမှုရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုဖွဲ့စည်းပြီး စောင့်ကြည့်ကြီးကြပ်ရေးလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။
၅။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံရေးလမ်းပြမြေပုံတစ်ခုကိုလည်း NCA တွင် သဘောတူညီခဲ့ကြသည့်အလျောက် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကိုဖွဲ့စည်းကာ အကောင်အထည်ဖော်လျက်ရှိပါသည်။ ရလဒ်အဖြစ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တစ်ခုကိုရေးဆွဲ၍ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပနိုင်ခဲ့ပါသည်။
၆။ နိုင်ငံတော်၏ ပြောင်းလဲလာသော အခြေအနေများနှင့်အညီ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေးဆွဲရေး ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပါသည်။ ၎င်းညီလာခံတွင် အားလုံးပါဝင် တက်ရောက်နိုင်ခဲ့ကြ ပြီး လွတ်လပ်စွာ ဆွေးနွေးတင်ပြနိုင်ခဲ့ကြပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံမှတစ်ဆင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ပေါက်မြောက်စေရန်အတွက် နောက်ထပ် သမိုင်းစာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပါသည်။
၇။ NCA ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလိုက်နာခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာခြင်းအားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။ NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသာမက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအပေါ် စောင့်ကြည့်၍ ညှိနှိုင်းဖြေရှင်းသည့် လုပ်ငန်းစဉ်များကို သဘောတူညီခြင်းဖြစ်သည့်အပြင် နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်များအတွက်ပါ နှစ်ဦးနှစ်ဖက်အကြား အာမံချက်များ ထားရှိခြင်းဖြစ်ပါသည်။ NCA ပါအချက်များသည် အင်အားစုများအကြား ညှိနှိုင်းသဘောတူညီထားသော ငြိမ်းချမ်းရေးအခြေခံအုတ်မြစ်ဖြစ်သည့်အတွက် ၎င်းအချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် အနာဂတ်ပြည်ထောင်စုအတွက် အရေးပါသော ခြေလှမ်းများဖြစ်ပါလိမ့်မည်။ NCA ပါ လုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြင့် ပဋိပက္ခဖြေရှင်းရေးကို အခြေခံသည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသစ်တစ်ရပ်ကို တည်ဆောက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲများ၏ ရလဒ်များနှင့်အညီ တည်ဆောက်သွားနိုင်မည်ဖြစ်ပါသည်။
မှီငြမ်းကိုးကား။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန