ကြွရောက်လာတဲ့ လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးနှင့်တကွ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအသီးသီးမှ ကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာမှ အစိုးရသံအရာရှိများ၊ NGOs ၊ INGOs မှ မိတ်ဆွေကိုယ်စားလှယ်များ အားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာပါစေကြောင်း၊ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးကိုယ်စား ပမာဏ ဆန္ဒပြုဆုမွန်တောင်း အပ်ပါတယ်။
ဒီအခမ်းအနားကို တက်ရောက်လာသူများအားလုံးကိုလည်း ကိုယ်စိတ်နှစ်ပါး ပြည့်စုံကောင်းမွန်စေကြောင်း ဆုတောင်းမေတ္တာပို့ပါတယ်။ ဤဖြစ်စဉ်ကို အချိန်ယူစေ့စပ်ညှိနှိုင်းဆွေးနွေးကာ အကောင်းဆုံးရလဒ်တစ်ခုဖြစ်အောင် ဆောင်ရွက်ပေးခဲ့သော နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ် (DPN) အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်းနှင့် NCA လက်မှတ်ရေးထိုးတဲ့အခါမှာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးကြသည့် ပြည်တွင်းပြည်ပ ခေါင်းဆောင်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံရေးအရ ဖြေရှင်းရေးဆိုပြီး ချဉ်းကပ်မှုသုံးမျိုးနဲ့ ရှုမြင်တတ်ကြပါတယ်။ တကယ်တော့ ဒီချဉ်းကပ်မှုသုံးမျိုးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို မျက်နှာစာ ၂ ရပ်ဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလို့ဘဲ ရှုမြင်ကြည့်ပါတယ်။
ပထမမျက်နှာစာဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဟာ အပစ်အခတ်ရပ်စဲရေးမှာ အခြေခံပြီး လုံခြုံရေးစနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲရေး SSR အထိ အကျုံးဝင်သွားပါတယ်။ ဒီမျက်နှာစာတစ်ခုတည်းနဲ့လည်း ငြိမ်းချမ်းရေးဟာ မပြည့်စုံပါဘူး။ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ချေမှုန်းတဲ့ လက်နက်တွေကို ထိန်းချုပ်ရုံ၊ ဖြုတ်သိမ်းရုံနဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေ မပြေလည်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် ရန်ပြုတိုက်ခိုက်ချေမှုန်းစရာ မလိုတော့တဲ့ အခြေအနေရောက်အောင် ဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေးဟာ တည်မြဲမှာဖြစ်ပါတယ်။ ဒီအတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော်ငြိမ်းချမ်းရေးအတွက် ဒုတိယမျက်နှာစာဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသာလျှင် နိုင်ငံရေးအရ ပြဿနာကို ဖြေရှင်းခြင်း၊ မျှတပြီး အရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်ရေးတွေကို အာမခံနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ထိုးတာဟာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် အရေးပါတဲ့ ပထမခြေလှမ်းဖြစ်သလို၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနိုင်မည့် လမ်းစဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ NCA ဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်မဟုတ်ပါဘူး။ နိုင်ငံရေးပြဿနာကို အဖြေရှာမည့် လမ်းကြောင်းတစ်ရပ်သာဖြစ်တယ်၊ တက်လှမ်းရမယ့် လှေကားထစ်သဖွယ်သာဖြစ်တယ်ဆိုတာကို အလေးအနက် ထောက်ပြပြောဆိုလိုပါတယ်။ ဒါကြောင့် ဒီလမ်းကြောင်းမှန်မှ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်ကို ရောက်မယ်ဆိုတာ ရှင်းလင်းလှပါတယ်။
ဒါပေမယ့် ဒီလမ်းကြောင်းဟာ အကွေ့အကောက်မရှိဘူး၊ ဖြောင့်ဖြောင့်ဖြူးဖြူးပဲဆိုတဲ့ စိတ်ကူးယဉ်မျိုး ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ဟာ မူပေါ်မှာရပ်တည်သလို တိုင်းရင်းသား ပြည်သူတွေအကျိုးအတွက်၊ ပြည်ထောင်စုအကျိုးအတွက်၊ လက်တွေ့ကျတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ဖို့လည်း မတွန့်ဆုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ ရွေးချယ်မှုဟာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးဆိုတဲ့ အဖွဲ့ ၂ ဖွဲ့ထဲ အကျိုးစီးပွားအတွက် ကွက်ပြီးလုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ အနာဂတ်မျှော်မှန်းချက် (Vision) ကို ဦးတည်ပါတယ်။ ကျွန်တော်တို့ အမျိုးသားတွေရဲ့ အကျိုးစီးပွားနဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွားဟာ တစ်ဆက်စပ်တည်း တစ်သားတည်း ခွဲခြားမရအောင် ဆက်စပ်နေပါတယ်။ ပြည်ထောင်စုဝင်အားလုံး လူမျိုးဘာသာ ဆူကြုံနိမ့်မြင့်မခွဲခြားဘဲ ပဋိပက္ခချုပ်ငြိမ်းခြင်းရဲ့အကျိုး၊ တရားဥပဒေစိုးမိုးမှုရဲ့အကျိုး၊ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ရဲ့အကျိုး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်အရ မျှဝေကျင့်သုံးတဲ့ အချုပ်အခြာအာဏာပိုင်စိုးခြင်းရဲ့အကျိုး၊ လူမှုစီးပွားရေးဖွံ့ဖြိုးမှုနဲ့ တိုင်းရင်းသားများ စာပေယဉ်ကျေးမှုပေါင်းစုံ ရှင်သန်ခွင့်ရတဲ့ အကျိုးကျေးဇူးအထွေထွေကို ခံစားနိုင်ဖို့အတွက်ဆိုတဲ့ မျှော်မှန်းချက် (Vision) နဲ့ ဒီလမ်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
NCA စာချုပ်နဲ့အညီ မကြာခင်မှာ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။ မွန်နဲ့ လားဟူဒေသမှာရှိတဲ့ ဆရာတော်သံဃာတော်တွေရဲ့ ဩဝါဒကိုခံယူမယ်၊ ဒေသအတွင်းမှာ ဖြန့်ကျက်နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအသီးသီး၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ၊ မီဒီယာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျန်းမာရေး၊ ပညာရေးပိုင်းဆိုင်ရာကစပြီး အုပ်ချုပ်ရေးနယ်ပယ်အသီးသီးက ဝန်ထမ်းတွေ၊ အပြင်နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မွန်နဲ့လားဟူ မျိုးချစ်တွေအားလုံးနဲ့ တိုင်ပင်နှီးနှောပြီး အားလုံး၏ သဘောထားကို ရယူမှာဖြစ်ပါတယ်။ participatory democracy ပါပဲ။
ကျွန်တော်တို့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး သံသယဖြစ်သူတွေ၊ သဘောမတူသူတွေလည်း ရှိနိုင်တာကို အသိအမှတ်ပြုပါတယ်။ အဲ့ဒီကွဲလွဲသူများရဲ့အမြင်သဘောထားတွေကိုလည်း အလေးအနက်ထားပါတယ်။ ကျွန်တော်တို့နဲ့အမြင်၊ နည်းနာပိုင်းမှာ သဘောထားကွဲပေမယ့် စေတနာနဲ့ မျှော်မှန်းချက် Vision မှာတော့ မကွဲလွဲဘူးလို့လည်း ခံယူထားပါတယ်။ ကျွန်တော်တို့ဟာ ဒီနည်းနာ လမ်းကြောင်းကို အားလုံးက လက်တွေ့ ကျကျပါဝင်ပြီး အားလုံးပိုင်ဆိုင်သည့် (Ownership)၊ ငြိမ်းချမ်းတဲ့ သာယာဝပြောတဲ့၊ သိက္ခာရှိတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ ပါဝင်ကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်ပေမဲ့ ပြည်ထောင်စုရဲ့ အနှစ်သာရဖြစ်တဲ့ ဖက်ဒရယ်စနစ်ကို ခုချိန်ထိ တန်းတူမခံစားကြရသေးတဲ့အတွက် ပြည်တွင်း စစ်မီးဟာ မငြိမ်းနိုင်သေးဖြစ်နေရတာပါ။
အခုချိန်ထိ NCA ဖြစ်စဉ်မှာ မပါဝင်နိုင်သေး၊ ပါဝင်ခွင့်မရသေးတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အသီးသီးနဲ့ ပဋိပက္ခတွေရဲ့ဒဏ်ကို ခါးစည်းခံနေရသေးတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ ရှိပါသေးတယ်။ ကျွန်တော်တို့ကိုယ်လွတ်မရုန်းပါဘူး၊ သစ္စာမမဲ့ဘူးဆိုတာ အခိုင်အမာ ပြောပါမယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ပေးဆပ်ခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးသမားတွေအားလုံးကို တိုင်တည်သစ္စာဆိုပါတယ်။ ဒါဟာ ကျင့်ဝတ်အရ သစ္စာပြုတာဝန်ခံမှုသာမက နိုင်ငံရေးအရလည်း တိုင်းရင်းသားတွေအားလုံး အကျိုးမခံစားဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိဘဲ NCA လက်မှတ်ထိုးရုံနဲ့ ပြီးပြည့်စုံမယ်လို့ မျှော်လင့်မထားဘူးဆိုတာ ပြောကြားလိုပါတယ်။
အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို NCA လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသားညီနောင်များနဲ့ရော၊ မထိုးထားသေးတဲ့ ညီနောင်များနဲ့ရောလက်တွဲပြီး ဒီ NCA လမ်းကို လမ်းမှန်ဖြစ်ရုံမက ဖြောင့်ဖြူးတဲ့လမ်းဖြစ်အောင် ဆောင်ရွက်သွားမယ်၊ ဖက်ဒရယ်ပြည်ထောင်စု မျှော်မှန်းချက်ကို မျက်ခြေမပြတ်၊ လမ်းအလွှဲမခံဘူးဆိုတာ ကတိပြုပါတယ်။ တစ်ဆက်တည်းမှာလည်း နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်များကို ပြောပြလိုတာက တိုင်းရင်းသားတွေဟာ သမိုင်းကြောင်း အတွေ့အကြုံအရ သံသယနဲ့စိုးရိမ်စိတ်တွေ ရှိနေပေမယ့်၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကြပါတယ်။ ဘယ်သူမှ နောက်ချန်မနေချင်သလို ဖျက်မြင်းလည်း မဖြစ်ချင်ကြပါဘူး။ ပြည်တွင်းစစ်ဒဏ်ကို တကယ်နာကျင်ခံစားခဲ့ကြသူတွေ၊ ခံစားနေရဆဲဖြစ်သူတွေမို့ စစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးကို ခိုင်မြဲစေချင်ကြပါတယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေ၊ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ စိတ်ရှည်ရှည်ထားပြီး အားလုံးပါဝင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ သည့်ထက်ဆတိုးအားထုတ်ပေးပါ။ သဘောထားကြီးမှုရှိရှိနဲ့ ထိုးစစ်ဆင်မှုတွေကို အမြန်ဆုံးရပ်စဲပါလို့ တိုက်တွန်းပါရစေ။
ပြည်ထောင်စုကြီးတစ်ခုလုံး မျှော်မှန်းတဲ့ ငြိမ်းချမ်းဝပြော လွတ်လပ်တဲ့ စိတ်ဓာတ်လင်းပွင့်မြင့်မြတ်တဲ့ မေတ္တာနဲ့ ခန္တီတရားထွန်းကားတဲ့ အနာဂတ်ကို ဦးတည်ဖို့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီရော၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးကပါ ပိုင်းဖြတ်ထားကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။