ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနဲ့ပြည့်စုံပြီး ငြိမ်းချမ်းသာယာရှိကြပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီကနေ့ အခမ်းအနားဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးရဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး အလင်းရောင်ခြည်များ ပိုမိုအားကောင်းလာပြီး နိုင်ငံတော်အတွင်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နေကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို ပြည်သူအပေါင်း နှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရတဲ့ နေ့တစ်နေ့ဖြစ်သလို ၂၀၁၈ ခုနှစ်ရဲ့ နှစ်သစ်အစ မင်္ဂလာဦးထူးမြတ်တဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ အားလုံးသိကြတဲ့အတိုင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်သက်မဟုတ်ဘဲ ဒီထပ်ပိုမိုကျယ်ပြန့်မြင့်မားတဲ့ ရည်ရွယ်ချက်တွေ၊ တိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့ လိုလားချက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနိုင်မယ့် စစ်မှန်ခိုင်မာတဲ့ ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်လို့ ဒီလမ်းကြောင်းအတိုင်း ယုံကြည်မှုရှိရှိ၊ အမြော် အမြင်ရှိရှိဖြင့် မြန်မာနိုင်ငံတော်အတွင်း ဘိုး၊ ဘွား၊ ဘီ၊ ဘင်ကအစ ယခု ထက်တိုင် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်လာခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူအားလုံးတို့အတွက် မှန်ကန်ရဲရင့်တဲ့ဆုံးဖြတ်ချက်နဲ့ ဆက်လက်လျှောက်လှမ်းကြမယ့် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။ ယခုလို ထာဝရငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လာမှုအတွက် ဒီသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့ ညီနောင်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအတွက် ယုံမှားသံသယစိတ်များနဲ့ စိုးရိမ်ပူပန်မှုများကိုလည်း အတော်အတန် လျော့ပါးစေမှာဖြစ်သလို ပါဝင်လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက်လည်း ဆုံးဖြတ်ချက်မမှားဘဲ ယုံယုံကြည်ကြည်၊ သံသယ ကင်းစွာဖြင့် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်လာကြလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
NCA ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်ကနေ စတင်ရေတွက်ရင် စာချုပ်သက်တမ်းဟာ ဒီနေ့မှာ ၂ နှစ်နဲ့ ၄ လ ရှိခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးကမ်းလှမ်း ဖိတ်ခေါ်မှုစတင်ခဲ့တာဖြစ်လို့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ကာလဟာ ၆ နှစ်နဲ့ ၆ လ ရှိပြီဖြစ်ပါတယ်။ NCA ချုပ်ဆိုခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားမှာ ကျွန်တော်ပြောခဲ့သလို ပါဝင်လက်မှတ်ရေးထိုးထားကြတဲ့ အဖွဲ့များအနေနဲ့ စာချုပ်ပါလုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်နိုင်တာတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းမှုရဲ့ရလဒ်များ၊ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်များကို ရယူခံစားနိုင်ကြဖို့ ထပ်မံဆော်ဩလိုပြီး ပါဝင်လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့ကလည်း ဆက်လက်ပူးပေါင်းပါဝင်လာကြဖို့ကို လက်ကမ်းကြိုဆိုလျက်ရှိပါကြောင်းနဲ့ ဒီနေ့အခမ်းအနားလို မြင်ကွင်းမျိုးကို အစိုးရ၊ ပြည်သူ၊ တပ်မတော်အားလုံးတို့က မဝေးတဲ့အနာဂတ်မှာလည်း ဆက်လက်ပြီး မြင်တွေ့ဖို့ မျှော်လင့်နေကြကြောင်း ပြောကြားလိုပါတယ်။
NCA ဖြစ်ပေါ်လာဖို့အတွက် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်နဲ့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အဖွဲ့အစည်းအသီးသီးအကြားမှာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ သဘောတူညီမှုတွေရရှိအောင် စိတ်ရှည်သီးခံမှုတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးညှိနှိုင်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ NCA စာချုပ်ပါ သဘောတူညီချက်တွေဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားတာ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ကနဦး အဆိုပြုချက်တွေအပေါ်မှာ အခြေခံပြီး အခန်းတစ်ခန်းချင်း၊ ပုဒ်မတစ်ခုချင်း၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ စာလုံးအသုံးအနှုန်းတစ်ခုချင်းကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး အသေးစိတ်အကျေအလည် ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲထားတဲ့ စာချုပ်ဖြစ်ပါတယ်။ NCA အတွက် စတင်ဆောင်ရွက်ခဲ့ရာမှာ ကြိုတင်သဘောတူညီချက်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ရှေးရှုပြီး ပြည်သူများ၏ ဆန္ဒဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြမယ်ဆိုတဲ့ အချက်တွေကို ကြိုတင်သဘောတူခဲ့ပြီးမှ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
NCA ရဲ့အခြေခံမူများ ဒုတိယအချက်မှာ “ မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှု သစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်” ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုရင် နိုင်ငံတကာမှာ ပြုလုပ်နေကျ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့အညီ အဆင့်ဆင့် မပျက်မကွက် ပြုလုပ်ရမယ်ဆိုတာ ငြိမ်းချမ်းရေးဆိုင်ရာ ပြည်ပနိုင်ငံများလေ့လာရေး အစီအစဉ်များ၊ အခါအားလျော်စွာ သွားရောက်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း လက်တွေ့အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် သိမြင်ခဲ့ကြပြီးလည်းဖြစ်၍ အထူးပင်ထပ်မံပြောကြားဖို့ လိုမယ်မထင်ပါ။ ဒီနေရာမှာ အချို့အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်အချို့တွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များဟာ လက်နက်ချခိုင်းတယ်ဆိုတဲ့ မှားယွင်းစွာ မှတ်ယူကြသူတွေ၊ သံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ ဖြစ်ပေါ်နေကြတာကို ကျွန်တော်တို့ တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် (NCA) ကို လက်မှတ်ရေးထိုးခြင်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ အစိုးရနဲ့ တပ်မတော်အပေါ် အလျှော့ပေးခြင်းမဟုတ်ဆိုတဲ့ အယူအဆရှိသူတွေ၊ ပုဂ္ဂိုလ်ရေးခံစားချက်ရှိသူအချို့လည်း တွေ့ရှိရပါတယ်။ ဒီသံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ အဖွဲ့ဝင်များအနေဖြင့် မရှိကြဖို့၊ မထားကြဖို့လည်း ပြောလိုပါတယ်။ ဒါ့အပြင် အမှန်တကယ်တော့ NCA မှာ လက်မှတ်ရေးထိုးခြင်းဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ်သာဖြစ်လို့ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး အဖြေရှာမရသေးတဲ့ နိုင်ငံရေးပြဿနာများကို တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စုပေါင်းတွေ့ဆုံ ဆွေးနွေးအဖြေရှာ ညှိနှိုင်းခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး မိမိတို့ရဲ့လိုအင်ဆန္ဒများကို တောင်းဆို၍ မရကြောင်း နားလည်သဘောပေါက်ပြီး နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး လက်နက်ကိုင်လမ်းစဉ်အပေါ် သံယောဇဉ်အစွဲအလမ်းကို ဖြတ်တောက်ပစ်နိုင်ဖို့ အကောင်းဆုံး အာမခံချက်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာကလည်း NCA စာချုပ်ပဲဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။ ဒီစာချုပ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အစထားပြီး ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကိုပါ တိတိကျကျ ဖော်ပြထားတာဖြစ်ပါတယ်။ အဆင့်ဆင့်သော လုပ်ငန်းစဉ်တွေကို ကျော်လွန်ခြင်း မရှိဘဲ တစ်ဆင့်ပြီးတစ်ဆင့် ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ တိတိကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်ဆိုရင် အခက်အခဲမရှိနိုင်ပါကြောင်း ပြောကြားလိုပါတယ်။ အကောင်အထည်ဖော်ရာမှာလည်း သတိပြုကြရမယ့် အဓိကအချက်ကတော့ နိုင်ငံတကာရဲ့ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်ချက်ဖြစ်စဉ်အတိုင်း “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်” များမှာ ကြိုတင်ပြင်ဆင်စရာကိစ္စရပ်များကို ပြင်ဆင်ထားဖို့လိုပါတယ်။ ဒါ့အပြင် NCA မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ရာတွင်လည်း အချိန်သတ်မှတ်ချက် (Time Frame) တစ်ခု တိတိကျကျ ညှိနှိုင်းထားရှိပြီး လိုအပ်သလို ဆွေးနွေးညှိနှိုင်းအဖြေရှာရင်း အောင်မြင်စွာ ဖြတ်ကျော်ကြရမှာဖြစ်ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များ အခန်းမှာပါရှိတဲ့ သဘောတူညီချက်များအတိုင်း တိတိကျကျ လိုက်နာမယ်ဆိုရင် NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းကာလတွေမှာလည်း လက်နက်ကိုင်ပဋိပက္ခဆိုတာ ထပ်မံဖြစ်ပွားစရာ အကြောင်းမရှိပါဘူး။ အကယ်၍ မတော်တဆ နားလည်မှုလွဲမှားပြီး ပဋိပက္ခအငယ်များ ဖြစ်လာရင်လည်း ဖြေရှင်းရမယ့်အချက်တွေ၊ နည်းလမ်းတွေကိုလည်း NCA မှာပဲ အတိအကျ ပြဋ္ဌာန်းထားခြင်းဖြစ်၍ လိုက်နာဆောင်ရွက်သွားလျှင် မည်သည့်ပြဿနာမျှ ဖြစ်လာစရာမရှိတာတွေ့ရမှာပါ။ တပ်မတော်ဟာ နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများ၊ တပ်မတော်အက်ဥပဒေများ၊ နည်းဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းရတာဖြစ်လို့ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး လုပ်ဆောင်၍မရတဲ့အတွက် NCA စာချုပ်ပါ အချက်များအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်စဉ်ကပင် ချမှတ်ခဲ့တဲ့မူဝါဒ (၆) ရပ်အတိုင်း သွေဖည်ခြင်းမရှိဘဲ တိတိကျကျ ဆောင်ရွက်နေတာဖြစ်ပါတယ်။ တည်ဆဲဥပဒေများ၊ ချမှတ်ထားသည့် မူဝါဒများ၊ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များကို မလိုက်နာသူများကိုလည်း တိတိကျကျ၊ မှန်မှန်ကန်ကန် ဖော်ထုတ်အရေးယူနေတာလည်း ဖြစ်ပါတယ်။ NCA စာချုပ်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ဟာ လက်နက်ကိုင် လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုဖြစ်စေဖို့ မည်သည့်အင်အားစုကိုမှ အကျပ်အတည်း၊ အခက်အခဲမတွေ့ရအောင် ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်အောင် လမ်းခင်းပေးထားခြင်းသာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း နိုင်ငံတော်အတွင်း နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးပြဿနာကို လက်နက်စွဲကိုင် အကြမ်းဖက် ပဋိပက္ခဖြေရှင်းမှုမှ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာရင်း ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက်လည်းကောင်း၊ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ စိတ်ရှည်သည်းခံပြီး မဆုတ်မနစ် အကောင်အထည်ဖော်ဆောင်ရွက်နေတာဟာလည်း ယနေ့ကျင်းပပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို တက်ရောက်လာကြတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးအပြင် နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး လိုလားတောင်းတနေ့တဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့နဲ့ အများပြည်သူဆန္ဒနှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်ပြီး ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာစေရေးအတွက် တပ်မတော်မှ ရိုးသားစွာဖြင့် ယုံကြည်ချက်၊ မျှော်လင့်ချက်အပြည့်ဖြင့် ထာဝရငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားညီနောင်များအားလုံး နိုင်ငံတော်ကြီးအတွက် အရှည်မျှော်တွေး ဝိုင်းဝန်းပါဝင်ပူးပေါင်းဆောင်ရွက်ကြပါလို့လည်း ပြောကြားလိုပါတယ်။
ဒီမိုကရေစီကျင့်စဉ်များနဲ့အညီ အဖွဲ့အစည်းအသီးသီးရဲ့ လိုအင်ဆန္ဒတွေကို ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းနည်းလမ်းများနဲ့ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ လမ်းဖွင့်ထားတာဖြစ်လို့ ဒီလမ်းကြောင်းများကို လျစ်လျူရှုကြ၊ သွေဖည်ကြမည်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ရမယ့် ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းရာမှာ ကြန့်ကြာနေဦးမှာဖြစ်သလို အချိန်ကာလ ကြာမြင့်လေလေ နိုင်ငံတော်နဲ့ ပြည်သူများရဲ့ လူမှုအကျိုးစီးပွား ဘဝများဟာလည်း နိုင်ငံတကာနဲ့ ပခုံးချင်းယှဉ်နိုင်ဖို့ ဝေးကွာနေဦးမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးဆိုတာ တိုင်းပြည်ကို လုံခြုံအောင်လုပ်ဖို့၊ ပြည်သူတွေရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုကာကွယ်ဖို့၊ ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုမှန်သမျှ နိုင်ငံတော်နဲ့ ပြည်သူ့ အကျိုးစီးပွားကို ဆန့်ကျင်ဖျက်ဆီးနေတဲ့ လုပ်ရပ်များနဲ့ အဖွဲ့အစည်းများကို မိမိတို့ တပ်မတော်က ပေးအပ်ထားသည့် တာဝန်ဝတ္တရားများနဲ့အညီ ဆောင်ရွက်ပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်တယ်လို့ အသိပေးပြောကြား လိုပါတယ်။
နိဂုံးချုပ်အနေဖြင့် မျက်မှောက်ခေတ်ကာလဟာ နည်းပညာများ လျင်မြန်စွာ တိုးတက်ပြောင်းလဲဖြစ်ပေါ်နေပြီး အေးချမ်းတည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ အများစုရဲ့ စီးပွားရေးဟာ လျင်မြန်စွာ အရှိန်အဟုန်ပြင်းစွာ ဖွံ့ဖြိုးတိုးတက် နေပါတယ်။ ဒါဟာ အေးချမ်းတည်ငြိမ်မှုမှသည် ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ဆိုတာ ငြင်းမရပါဘူး။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ လုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းမှုရှိမယ်ဆိုရင်တောင်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အခြားနိုင်ငံတွေကိုမီအောင်၊ ရင်ဘောင်တန်းနိုင်အောင် များစွာ ကြိုးစားရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အနာဂတ် မြင်ကွင်းတွေဟာလည်း ဝေဝါးမှုန်ရီနေဦးမှာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဆိုးကျိုး တွေကို ပထမဆုံး ရင်ဆိုင်နေရတာက ကျွန်တော်တို့ တပ်မတော်သားတွေနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ ပဋိပက္ခကြားမှာ မြေစာပင်ဖြစ်တဲ့ ပြည်သူတွေဖြစ်သလို နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ကျွန်တော်တို့အပါအဝင် ပြည်သူတွေအားလုံးက ခံစားကြရမှာဖြစ်လို့ စစ်မှန်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်တဲ့ဆန္ဒအမှန်နဲ့ စိတ်ရှည်သီးခံပြီး ဆက်လက် အမြန်ဆုံးအောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်လာနိုင်တဲ့ ဘက်ပေါင်းစုံမှ ခြိမ်းခြောက်မှုအန္တရာယ်တွေကလည်း ကျွန်တော်တို့နိုင်ငံအပေါ်မှာ အချိန်မရွေး ကျရောက်လာနိုင်တဲ့ အခြေနေတွေ ဖြစ်ကောင်းဖြစ်လာ နိုင်တာမို့လို့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို လက်ကိုင်ထားပြီး အစွန်း ၂ ပါး ရှောင်ရှားကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး အချိန်တိုအတွင်း အမြန်ဆုံး ဖြစ်ထွန်းပေါ်ပေါက်လာစေရေး “စုပေါင်းညီညာအောင်ကြောင်းဖြာ” ဆိုသလို တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နေကြတဲ့ လေးစားချစ်ကြည် ရင်းနှီးအပ်ပါသော ကျွန်တော်တို့တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ကျွန်တော်တို့အားလုံးနှင့် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြပေးပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။