ဖွံ့ဖြိုးမှုဆိုတာ တိုးတက်ဖြစ်ထွန်းမှုတွေ၊ အသစ်အသစ်တွေနဲ့ စည်ကားစွာ ရှိနေမှာ မှန်ပေမဲ့ စစ်ပွဲဆိုတာမျိုးကလည်း ဖွံ့ဖြိုးမှုနှင့် ဆန့်ကျင်ဘက် အရာအားလုံး ဖျက်ဆီးဖို့ကိုဘဲ ဦးတည်နေတတ်တာမျိုးပါ။ စစ်ပွဲကြောင့် ရုပ်ဝတ္ထုအရာအားလုံးက ပျက်စီးနေကြပြီး မြင်သမျှ အရာအားလုံးကလည်း အနိဌာရုံတွေနဲ့သာ ပြည့်နေတတ်ပါတယ်။ စစ်ပွဲတွေဟာ လက်ရှိပစ္စုပ္ပန် ကိုသာမက အနာဂတ်ကိုပါ ဖျက်ဆီးပစ်နိုင်စွမ်းရှိတဲ့ အရာမျိုးပါ။ စစ်ပွဲတွေကြောင့် ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ပျက်စီးမှုတွေနဲ့သာ အဆုံးသတ်သွားတာမျိုးမဟုတ်ဘဲ စစ်ပွဲအတွင်း အသက်မသေဘဲ ကျန်နေရစ်ခဲ့တဲ့သူတွေမှာလည်း ကုသရခက်တဲ့ ကြေကွဲစရာဝေဒနာတွေနဲ့ အတွင်းဒဏ်ရာတွေ ကို ဆက်ပြီး ခံစားနေကြရပြန်ပါတယ်။ လူမှုရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေများစွာ၊ မရေရာမှု များစွာနဲ့ ကျန်ရစ်ခဲ့ရသူတွေရဲ့ အနာဂတ်ဟာလည်း မျှော်လင့်ချက်မဲ့နေရသည်အထိ စစ်ပွဲတွေရဲ့ ဆိုးကျိုးတွေက သိပ်ကိုရှည်လျားလွန်းလှပါတယ်။ “စစ်ဆိုသောအရာသည် မည်သူပင်နိုင်သည် ဖြစ်စေ ကျွန်ုပ်တို့၏ ပြောင်းလဲဖြစ်ထွန်းမှုနှင့် မျိုးဆက်တို့၏ အနာဂတ်ကို ဖျက်ဆီးပစ်တတ် သည်” ဆိုပြီး ဘောဂဗေဒပညာရှင် John Maynard Keynes က The Economic Consequences of the Peace စာအုပ်မှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။
ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ကဲ့သို့ စစ်ပွဲကြီးတေွနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ကမ္ဘာကြီးမှာလည်း စစ်ပွဲဆိုတဲ့ ဖျက်ဆီးတတ်တဲ့အရာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်ဘက်ဖြစ်တဲ့ ငြိမ်းချမ်းရေးကိုသာ နှစ်သက်လိုလားတောင့်တလာခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မဲ့ လုပ်ငန်းရပ်များကိုသာ အဓိကထား လုပ်ဆောင်လာကြပါတယ်။ ၂၁၀၁၅ ခုနှစ်မှာ ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့ကြီးက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (UN Sustainable Development Goals – UNSDG) ကို ချမှတ်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ရည်မှန်းချက်ပန်းတိုင် (၁၆) တွင် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်း၍ အားလုံးပါဝင်နိုင်သော လူမှုအဖွဲ့ အစည်းများ ဖြစ်ပေါ် တိုးတက်ရေး၊ အားလုံးအတွက် တရားမျှတမှုရရှိစေရေးနှင့် အဆင့်တိုင်း၌ ထိရောက်မှုရှိသော၊ တာဝန်ယူမှု/ တာဝန်ခံမှုရှိသော၊ လူတိုင်း အကျုံးဝင်သော အဖွဲ့အစည်းများ ထူထောင်ရေး” ဆိုပြီး ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားတာကို ကြည့်ခြင်းဖြင့် ကမ္ဘာကြီးက စစ်ပွဲတွေရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ငြိမ်းချမ်းရေးကို အလွန်လိုလားပြီး တန်ဖိုးထားတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေအရပ်ရပ် အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်ပေါ်တိုးတက်နေတာက ငြိမ်းချမ်းမှုရှိနေလို့သာ ဖြစ်တယ်ဆိုတာ သာမန်စိတ်ကူးနဲ့ မှန်းဆကြည့်ရင်ပင် သိနိုင်ပါတယ်။ လက်နက်ကိုင်တိုက်ခိုက်မှုတွေ မရှိတော့တာနဲ့ ငြိမ်းချမ်းသွားရောလားဆိုပြီး မေးစရာဖြစ်ပေမဲ့ ဒီလိုအခြေအနေမျိုးက ရေရှည်တည်တဲ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုတော့ မဖော်ဆောင်ပေးနိုင်သေးပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ လူအဖွဲ့အစည်းအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို စိတ်ချလက်ချ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်နိုင်ဖို့ အတွက်ကိုရည်ရွယ်ပြီး UNSDG ပန်းတိုင် (၁၁) မှာလည်း “အားလုံးအကျုံးဝင်သော၊ ဘေးကင်းလုံခြုံသော၊ ကြံ့ခိုင်မှုရှိသော၊ ရေရှည်တည်တံ့နိုင်သော မြို့ပြများနှင့် ကျေးလက် လူမှုအဖွဲ့အစည်းများ ထူထောင်ရေး” ဆိုပြီး ထည့်သွင်းဖော်ပြထားပါတယ်။
လွတ်လပ်ရေးပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုတွေနဲ့ စတင် ရင်ဆိုင်ခဲ့ရပြီး အနှစ်(၇၀) ကျော်သည့်တိုင် စစ်ဒဏ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရတဲ့ မြန်မာနိုင်ငံကို အခြားနိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်ကြည့်မနေသေးဘဲ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်လျှင်ပင် ဘယ်လောက်များ နောက်ကျ ကျန်နေရစ်ခဲ့ပြီလဲဆိုတာ သိနိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရှိခြင်းက ဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုးတက်ဘဲ နှေးကွေးနေရတဲ့ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်တယ်ဆိုတာ အားလုံး သတိပြုမိနိုင်ပါတယ်။ ဂျာမန်နိုင်ငံရေး သမား Willy Brandt က “ငြိမ်းချမ်းရေးဟာ အရာရာတိုင်းကို မလုပ်ပေးနိုင်ပေမဲ့ ငြိမ်းချမ်းရေး မရှိရင်တော့ ဘာမှ မဖြစ်နိုင်ဘူး” ဆိုပြီး မိန့်ဆိုခဲ့ဖူးပါတယ်။
မိမိနိုင်ငံကို အခြားနိုင်ငံတွေလို ဖွံ့ဖြိုးတိုးတက်စေချင်မိတာ နိုင်ငံသား တစ်ယောက်ရဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပင်ဖြစ်တယ်လို့ပြောရင် လွန်မယ်မထင်ပါဘူး။ တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးမရရှိသေးလို့သာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးကာ ဒေသတွင်းနိုင်ငံအချင်းချင်းကိုပင် မယှဉ်နိုင်ဖြစ်နေရပါတယ်။ ဒီလို အရှိတရားတွေကို အမှန်အတိုင်း သိမြင်နားလည်ပြီးနောက် တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများအနေနဲ့ နိုင်ငံဘက်စုံဖွံဖြိုးတိုးတက်စေရန် မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်တဲ့ စိတ်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ညှိနှိုင်းဆွေးနွေးခြင်းများမှတစ်ဆင့် ငြိမ်းချမ်းရေး ပန်းတိုင်ဆီ မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အရောက်သွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ။