နိဒါန်း
ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်အဖွဲ့များ သို့တည်းမဟုတ် နိုင်ငံများအကြား စေ့စပ်ညှိနှိုင်းခြင်း၊ သဘော တူညီမှုရယူခြင်းနှင့် အခြားသော ပဋိ ပက္ခ ချုပ်ငြိမ်းစေမည့် လုပ်ဆောင် ချက် များအားလုံးကို ဆိုလိုပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံရေး၊ သံတမန်ရေး၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တရားဝင် သို့မဟုတ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု များလည်း ပါဝင်ပါသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ လွယ်ကူရိုးရှင်းလေ့မရှိဘဲ နောက်ခံအခြေအနေ များအပေါ် မူတည်၍ ချဉ်းကပ်ပုံ ပြောင်းလဲဆောင်ရွက်ရပါသည်။ နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ် များတွင် အောင်မြင်ခဲ့သည်များလည်း ရှိသကဲ့သို့ မအောင်မြင်ဘဲ ရပ်တန့်ခဲ့ရသည်များလည်း များစွာ ရှိပါသည်။ အရှေ့တောင်အာရှတွင် အောင်မြင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်များအနက် အထင်ရှားဆုံး မှာ အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့် GAM လက်နက်ကိုင်အဖွဲ့အကြား သဘောတူညီမှုရရှိခဲ့သည့် အာချေး ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်ပါသည်။
နောက်ခံအကြောင်းအရာ
အာချေးဒေသသည် နဂိုမူလကပင် အင်ဒိုနီးရှားနိုင်ငံရှိ အခြားဒေသများနှင့် ယဉ်ကျေးမှု အရဖြစ်စေ၊ ယုံကြည်ကိုးကွယ်မှုအရဖြစ်စေ ကွဲပြားခြားနားပါသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အာချေးဒေသခံပြည်သူများက ခွဲထွက်ခွင့်ရရန် မျှော်လင့်ချက်ဖြင့် ဒတ်ချ်ကိုလိုနီလက်အောက်မှ အင်ဒိုနီးရှားနိုင်ငံ လွတ်မြောက်ရေးအတွက် ပါဝင်တိုက်ပွဲဝင်ခဲ့ကြပါသည်။ သို့ရာတွင် လွတ်လပ်ရေး ရပြီးချိန်၌ ၎င်းတို့မျှော်လင့်ထားသကဲ့သို့ အထူးဒေသအဖြစ်သတ်မှတ်ပေးရေးနှင့် ခွဲထွက်ခွင့်ရရှိရေး တို့ အကောင်အထည်ပေါ်ခဲ့ခြင်းမရှိချေ။
ထို့အပြင် အာချေးဒေသသည် သဘာဝသယံဇာတ ပေါကြွယ်ဝသော ဒေသ ဖြစ်ပါသည်။ ၁၉၇၀ ပြည့်နှစ်များတွင် အမေရိကန် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီက အင်ဒိုနီးရှားဗဟိုအစိုးရ၏ သဘောတူညီချက်အရ အာချေးဒေသတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်သည်ကို အာချေးပြည်သူများက မကျေမနပ်ဖြစ်ခဲ့ကြသည်။ ထိုသို့သော အကြောင်းတရားများကြောင့် အာချေးဒေသတွင် ၁၉၇၆ ခုနှစ်မှ စတင်ကာ လက်နက်ကိုင်သောင်းကျန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း တွင် အာချေးခွဲထွက်ရေးလှုပ်ရှားမှုကို ဦးဆောင်သည့် (Free Ache Movement – GAM) အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။
GAM အဖွဲ့သည် အာချေးဒေသအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ခွဲထွက်ကာ အလုံးစုံ လွတ်လပ်သောအာချေးနိုင်ငံ (Independent Aceh) ထူထောင်ရန် ကြိုးပမ်းခဲ့ပါသည်။ ၎င်းတို့သည် ပြောက်ကျားစစ် (Guerilla War) အသွင်ဖြင့် အစိုးရတပ်များကို တိုက်ခိုက်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်သည့် စစ်ပွဲကာလအတွင်း နှစ်ဖက်လုံးမှ လူဦးရေ စုစုပေါင်း ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါသည်။
အပစ်အခတ်ရပ်စဲသည့် အချိန်အခါသို့ရောက်ရှိလာခြင်း (Ripeness for Ceasefire)
၂၀၀၃ ခုနှစ်မှစ၍ အင်ဒိုနီးရှားအစိုးရက ထိုးစစ်ဆင်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင် ခဲ့သဖြင့် GAM အဖွဲ့ဝင်များစွာ သေဆုံးခဲ့ပါသည်။ ထို့အပြင် ၂၀၀၄ ခုနှစ်တွင် သမိုင်းတစ်လျောက် အဆိုးရွားဆုံး ဖြစ်ပွားခဲ့သော အိန္ဒိယသမုဒ္ဒရာဆူနာမီ (the 2004 Indian Ocean Tsunami) ကြောင့် အင်ဒိုနီးရှားပြည်သူ သန်းပေါင်းများစွာ ထိခိုက်ခံစားခဲ့ရပါသည်။ ထိုဆူနာမီကြောင့် နိုင်ငံတကာ အသိုက်အဝန်းသည် အင်ဒိုနီးရှားနိုင်ငံကို ယခင်ကထက် ပိုမိုအာရုံစိုက်လာကြပြီး အာချေးစစ်ပွဲနှင့် ပတ်သက်၍လည်း စောင့်ကြည့်လာကြပါသည်။ ထိုအခါ GAM ခေါင်းဆောင်များက ၎င်းတို့အနေဖြင့် ခွဲထွက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေမည်ဆိုပါက နိုင်ငံတကာအသိုက်အဝန်း၏ ဖယ်ကြဉ်မှု ကို ခံရမည်ဖြစ်၍ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ရန် ဆန္ဒပြုလာခဲ့ပါသည်။
တတိယအဖွဲ့ (Third Party) အား ဖိတ်ခေါ်ခြင်း
အင်ဒိုနီးရှားအစိုးရနှင့် GAM လက်နက်ကိုင်တို့ နှစ်ဖွဲ့လုံးသည် ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီ မြို့သို့ သွားရောက်ပြီး ဖင်လန်သမ္မတဟောင်း မာတီအားထီဆာရီအား Mediator နှင့် Facilitator အဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းခဲ့ပါသည်။ စေ့စပ်ညှိနှိုင်းခြင်း ပြုလုပ်ရာတွင် ဆွေးနွေးမည့် အကြောင်းအရာများကိုလည်း သဘောတူညီသဖြင့် ၂၀၀၅ ခုနှစ်တွင် ဟယ်လ်ဆင်ကီမြို့၌ စတင် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ဆွေးနွေးညှိနှိုင်းသည့်ဖြစ်စဉ်တွင် နှစ်ဖက်လုံးမှ Third Party ဟုခေါ် သည့် အခြားတတိယအဖွဲ့ကို ဖြစ်စဉ်တွင် ပါဝင်ရန် သဘောတူညီခဲ့ပါသည်။ ထို့သို့ သဘောတူညီ သည့်အတွက် တတိယအဖွဲ့က ဝင်ရောက်လာပြီး စေ့စပ်ညှိနှိုင်းပေးခြင်း၊ ကြားဝင်ဖျန်ဖြေပေးခြင်းနှင့် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
စေ့စပ်ညှိနှိုင်းခြင်းမှသည် သဘောတူညီခြင်းဆီသို့ (Negotiation to Agreement)
ဤသို့ဖြင့် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲများကို ဟယ်လ်ဆင်ကီမြို့၌ တစ်လတစ်ကြိမ် ပြုလုပ် ခဲ့ရာ (၈)လကျော် ကြာမြင့်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ် ရေးထိုးနိုင်ရေး သဘောတူညီချက်များရရှိခဲ့ပါသည်။ ထို့နောက် ၂၀၀၅ ခုနှစ်၊ ဩဂုတ်လတွင် MOU ရေးထိုးနိုင်ခဲ့ပြီး ကိုယ်စားလှယ်အနေဖြင့် အင်ဒိုနီးရှားအစိုးရဘက်မှ တရားရေးဝန်ကြီး၊ GAM အဖွဲ့မှ ခေါင်းဆောင်တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖင်လန် သမ္မတဟောင်း မာတီအားထီဆာရီ ကိုယ်တိုင် သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ပါသည်။
ထို့နောက် Constitution ထဲ၌ ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း လူ့အခွင့်အရေး တရားရုံး (HR Court) နှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) ကို အာချေးပြည်နယ်အတွက် သီးခြားဆွဲထုတ် တည်ထောင်ခဲ့ပါသည်။ လက်မှတ်မရေးထိုးမီကာလက ကိစ္စရပ်များနှင့် ပတ်သက်၍ တရားစွဲဆိုမှု မပြုရန်နှင့် လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင်ဖြစ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုသာ လူ့အခွင့်အရေးတရားရုံးတွင် အရေးယူဆောင်ရွက်ရန် သဘော တူညီခဲ့ပါသည်။ ထို့အပြင် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (Monitoring Mission) ဖွဲ့စည်းရန်လည်း သဘောတူညီခဲ့ပါသည်။
လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်းခြင်း (Reintegration)
ထို့ပြင် သဘောတူညီမှုလက်မှတ်ရေးထိုးပြီးတစ်ပတ်အတွင်းမှာပင် အာချေးဒေသရှိ Shopping Center ကို ဗုံးခွဲခဲ့သည့် တရားခံ (၂) ဦးမှအပ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထားသည့် GAM အဖွဲ့ဝင်အကျဉ်းသားများကို လွှတ်ပေးခဲ့ပါသည်။ အကျဉ်းသားများအနေဖြင့် လူ့အဖွဲ့အစည်းသို့ ပြန်လည်ဝင်ရောက်သည့်အချိန်တွင် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ပါသည်။ သို့ရာတွင် အင်ဒိုနီးရှား အစိုးရက လယ်ယာမြေ လုပ်ကိုင်လိုသူများကို မြေယာများ ဆောင်ရွက်စေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် အလုပ်မလုပ်နိုင်တော့သည့်သူများကို လူမှုဖူလုံရေး အစီအစဉ် များ ဆောင်ရွက်ပေးခြင်းတို့အတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ပါသည်။
တစ်ဖန် သဘောတူညီချက်ရပြီး သက်ဆိုင်ရာ လုံခြုံရေးအစီအမံများ (Security Arrange-ments) ဆောင်ရွက်ရာတွင်လည်း GAM အဖွဲ့၏ လက်နက်စွန့်လွှတ်ခြင်း၊ အင်ဒိုနီးရှား အစိုးရ တပ်ဖွဲ့များ ဆုတ်ခွာပေးခြင်းနှင့် လက်နက်ဖျက်သိမ်းခြင်းတို့ကို သဘောတူညီချက်တွင် ဖော်ပြထား သည့်အတိုင်း ဆောင်ရွက်ခဲ့ပါသည်။
စောင့်ကြပ်ကြည့်ရှုရေး (Monitoring) ဆောင်ရွက်ချက်များ
ဆက်လက်၍ အာချေးဖြစ်စဉ် စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (Aceh Monitoring Mission – AMM) စတင်သည့်အခါ GAM အဖွဲ့ခေါင်းဆောင်မှ လိုလိုလားလားဖြင့် ဝင်ရောက် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ထိုက်သင့်သည့်အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ၎င်းတို့ရေးထိုးခဲ့သည့် MoU သည် တိကျရှင်းလင်းစွာ ရေးသားထားသောကြောင့် လက်နက်ဖြုတ်သိမ်းရေး (Decommission of Weapons) နှင့် တပ်နေရာပြန်လည် ချထားရေးလုပ်ငန်းစဉ် (Relocation) တို့ကို အဆင့်အလိုက် ဆောင်ရွက်ရာတွင် လျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်တွင် လက်နက်များကို အများပြည်သူရှေ့၌ သုံးပိုင်းပိုင်းပြီး သေနတ်၏အလယ်ပိုင်းကို အင်ဒိုနီးရှားအစိုးရတပ်က မှတ်တမ်းအနေဖြင့် သိမ်းဆည်းရန် ပြန်ယူသွားသည်ကို GAM အဖွဲ့က သဘောတူညီခဲ့ပါသည်။
ထို့နောက် လက်နက်ဖြုတ်သိမ်းရေးလုပ်သည့် လုပ်ငန်းစဉ်ကို သက်ဆိုင်ရာ ကျေးရွာများမှ ကလေးများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများကို လာရောက်ကြည့်ရှုစေခဲ့ပြီး စောင့်ကြပ်ကြည့်ရှု ရေးလုပ်ငန်းစဉ်များတွင် မီဒီယာအဖွဲ့များလည်း ပါဝင်ခဲ့ပါသည်။ မီဒီယာအဖွဲ့များအနေဖြင့် လက်နက် ဖျက်သိမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်သူအများနှင့် ကမ္ဘာအနှံ့ကို သတင်းထုတ်လွှင့် ပေးခဲ့ပါသည်။
နိဂုံး
အာချေးငြိမ်းချမ်းရေးဖြစ်စဉ်သည် ရှည်ကြာခက်ခဲသော လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့ပါသည်။ စေ့စပ်ဆွေးနွေးရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သော်လည်း ၂၀၀၅ ခုနှစ်တွင်မှ နှစ်ဦးနှစ်ဖက် လိုလိုလားလားဖြင့် အမှန်တကယ် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေး လုပ်ဆောင်ရန်ဆန္ဒရှိခြင်း (Will for Peacemaking) ၊ ကဏ္ဍစုံ ပြေလည်ကျေအေးခြင်း (Comprehensive Settlement) နှင့် ပြင်ပမှကြားဝင်ဖျန်ဖြေခြင်း (External Mediation) တို့ သည်လည်း အာချေးငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ခဲ့ရသည့် အခြေခံအကြောင်းတရားများဖြစ် ပါသည်။ နောက်ဆုံးတွင် GAM အဖွဲ့သည်လည်း လက်နက်ကိုင်လမ်းစဉ်မှသည် ရွေးကောက်ခံ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့သည်အထိ အောင်မြင်မှုရရှိခဲ့ပြီး ယနေ့တိုင် နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များ၏ စံပြုလုပ်ငန်းစဉ်ဖြစ်လျက်ရှိပါသည်။
References
- Konrad Huber, Aceh’s arduous journey to peace, Accord 20.
- Danial Martinus, The Dutch committed intentional war crimes in Indonesia, historical review finds
- Kyle Beardsley and Brain McQuinn, Rebel Groups as Predatory Organizations: The Political Effects of the 2004 Tsunami in Indonesia and Sri Lanka, Vol 53, Issue 4
- Dylan O’Driscoll, 2017, Lessons from Peace Process