လက်နက်ကိုင်ပဋိပက္ခများ၏ အခြေခံဇာစ်မြစ်
မိမိတို့နိုင်ငံသားများသည် စိတ်အေးချမ်းသာယာမှုကို မြတ်နိုးကြသည်။ မရှိလည်း အေး၊ ရှိလည်း အေး၊ ငြိမ်းငြိမ်းချမ်းချမ်း နေလိုကြသည်။ သို့သော် ထိုသို့ မနေရပါချေ။ ခေတ်အဆက်ဆက် လက်နက်ကိုင်ပဋိပက္ခများကြောင့် မျက်ရည်ပေါက်ကြီးငယ် ကျခဲ့ကြရသည်။ အထုပ်ကိုယ်စီဆွဲ၍ ပြေးခဲ့ လွှားခဲ့ ကြရဖူးသည်။ ယခုတိုင်လည်း ဤဒုက္ခမျိုး ငြိမ်းကြပြီဟု မဆိုနိုင်သေးပေ။
လက်ရှိတောက်လောင်နေဆဲဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် ယခင် ကိုလိုနီလက်ထက်ကတည်းက ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် ဖြစ်သည်။ ထိုသို့ သွေးခွဲအုပ်ချုပ်မှု၏ အကျိုးဆက်များကြောင့် တိုင်းရင်းသားချင်း၊ လူမျိုးစုချင်းအကြား သွေးကွဲခဲ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရသည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသား အရေးကွဲပြားမှု၊ အယူဝါဒရေးကွဲပြားမှုများမှတစ်ဆင့် အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင် ဆန့်ကျင်မှုများမှာ ယနေ့တိုင်တည်ရှိနေသော လက်နက်ကိုင်ပဋိပက္ခများ၏ အခြေခံဇာစ်မြစ်ပင် ဖြစ်သည်။
ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထား
(၇၅)နှစ်တည်းဟူသော အချိန်ကာလသည် ငြိမ်းချမ်းရေးသာ ရနေမည်ဆိုပါက ကိုယ့်နိုင်ငံရေမြေသဘာဝ၊ အခြေခံသယံဇာတအရင်းအမြစ်များနှင့်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးရေးသည် အတိုင်းအတာ တစ်ခုအထိ ခရီးပေါက်နေမည်ဆိုသည်ကို မှန်းဆကြည့်လျှင် မြင်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးသာ ရမည်ဆိုပါက အတိုင်းထက်အလွန် လိုချင်ကြသူများသာဖြစ်သည်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သည်ရှိသလို လက်ရှိကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟူ၍ လည်းကောင်း၊ “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍လည်းကောင်း အတိအလင်းကြေညာပြီး ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပေးလျက်ရှိပါသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) (KNU-KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြည်တွင်း၊ ပြည်ပ အသိသက်သေများရှေ့မှေက်တွင် သဘောတူလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့အထိ NCA တွင် ပါဝင် လာခဲ့သည်။ ထို့ကြောင့် အောက်တိုဘာ ၁၅ ရက်နေ့သည် NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ပင်ဖြစ်သည်။
ပြည်ထောင်စုလက္ခဏာ
စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟုဆိုရာတွင် ဖက်ဒရယ်စနစ်နှင့် ပြည်ထောင်စု၏အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဆိုကြသည်။ အမှန်စင်စစ် ယင်း၏အနှစ်သာရမှာ “ပေါင်းစည်းခြင်း” နှင့် “သဟဇာတဖြစ်မှု” ပင် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၃) ၏ အပိုင်း(၁)ပါ NCA အကောင်အထည်ဖော်မှု ဆိုင်ရာမူဘောင် သဘောတူညီချက်များတွင်လည်း “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်း ဖော်ဆောင်ရန်”ဟု ပါရှိသည်။
ထိုသဘောတူညီချက်ပါ “ပြည်ထောင်စုလက္ခဏာဆိုသည်မှာ စည်းလုံးညီညွတ်သည့် တစ်ခုတည်းသောပြည်ထောင်စုဖြစ်သည်” ဆိုသည့် အချက်ပင် ဖြစ်သည်။ ထိုသို့ တစ်ခုတည်းသော ပြည်ထောင်စုအဖြစ် အတူတကွ ပေါင်းစည်းနေထိုင်ဖို့၊ သဟဇာတဖြစ်ဖို့အတွက် လိုက်နာရမည့်တာဝန်များ၊ စောင့်ထိန်းရမည့် ဝတ္တရား၊ ရရှိလာမည့် အခွင့်အလမ်းများ၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် တည်ဆောက်ကြရာတွင် လက်ရှိရင်ဆိုင်နေကြရသည့် အဓိကပြဿနာမှာ နိုင်ငံရေးပြဿနာပင် ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရေးသည် လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်း၍မရနိုင်ဘဲ ဒီမိုကရေစီနည်းလမ်းဖြစ်သည့် ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်း ဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် “၂၁ ရာစု နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်” ကို ဖော်ဆောင်ပြီး ဘုံသဘောတူညီချက်များရရှိအောင် ဆက်လက်လုပ်ဆောင်သွားကြရမည်ဖြစ်သည်။
အစွမ်းထက်ဆုံး လက်နက်
ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဒီက “ငြိမ်းချမ်းရေးသည် လူသားတို့အတွက် အစွမ်းထက်ဆုံးလက်နက်ဖြစ်သည် – Peace is the most powerful weapon of mankind.” ဟု ဆိုခဲ့သည်။ ထို့ကြောင့် NCA စာချုပ်သည် လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး မှသည် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်လာစေရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း တစ်ခုပင်ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီးနောက် ခေတ်အဆက်ဆက်အစိုးရများမှသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက်အထိ ပဲ့တင်ထပ်မျှ ဖိတ်ခေါ်လျက်ရှိသော ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ ခိုင်ခိုင်မာမာရပ်တည်၍ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက်ကြ ရာ၌ ဟိုးယခင်ကရှိခဲ့သည့် အတွေးအမြင်များကို အစားထိုးပြီး လူမျိုးစွဲ၊ ဝါဒစွဲများကို စွန့်လွှတ်ကာ ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့ကို ရှေးရှုချီတက်ကြရမည်ဖြစ်ပါကြောင်း။ ။
မှီငြမ်း။ (ပဲ့တင်ထပ်နေသော ငြိမ်းချမ်းရေးဖိတ်ခေါ်သံများ၊ သီဟစည်သူ၊ မြန်မာ့အလင်း သတင်းစာ (၁၅-၁၀-၂၀၂၃) ၊ စာ-၆ မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)